ရှေ့သို့
Image

ယနေ့အတွက် နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းတိုများ

11:23 AM, 18 January

တခြားအင်္ဂလိပ်ကလပ်ကို အငှားနဲ့ မပြောင်းရွှေ့လိုတဲ့ မာရှယ်
===============================
ယူနိုက်တက်တိုက်စစ်မှူး မာရှယ်ဟာ အသင်းကနေ ထွက်ခွာချင်နေတာ မှန်ပေမယ့် နောက်ထပ်အင်္ဂလိပ်အသင်းတစ်သင်းထံ ပြောင်းရွှေ့မှာမဟုတ်ကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာ အသက် ၂၆ နှစ်အရွယ်ရှိ မာရှယ်အနေနဲ့ ဆီဗီလာ၊ ဂျူဗင်တပ်စ်နဲ့ ဘာစီလိုနာတို့ကို ရောက်ဖို့ နီးစပ်လာပြီး ဆီဗီလာက ပထမအကြိမ်ကမ်းလှမ်းထားပါတယ်။ မာရှယ်ဟာ နယူးကာဆယ်နဲ့ တော့တင်ဟမ်တို့ရဲ့ ချဉ်းကပ်လာမှုကို ပယ်ချခဲ့ပြီး ယူနိုက်တက်ကလည်း အငှားခေါ်မယ့်အသင်းအနေနဲ့ ကစားသမားရဲ့လစာအပြည့်အပြင် ငှားရမ်းခလည်း ပေးချေဖို့ တောင်းဆိုထားပါတယ်။

ဇာပါတာကို ပေါင် ၂၅သန်းနဲ့ ကမ်းလှမ်းလိုက်တဲ့ နယူးကာဆယ်
===============================
နယူးကာဆယ်အသင်းဟာ အတ္တလန္တာတိုက်စစ်မှူး ဒူဗန်ဇာပါတာအတွက် ပေါင် ၂၅သန်းနဲ့ ကမ်းလှမ်းလိုက်ကြောင်း Daily Record သတင်းဌာနက ရေးသားဖော်ပြပါတယ်။ အတ္တလန္တာက အသင်းအတွက် စီးရီးအေ ၁၁၈ပွဲမှာ ၆၅ ဂိုးသွင်းယူပေးထားတဲ့ ဇာပါတာကို ထုတ်ရောင်းလိုပေမယ့် အဆိုပါအသက် ၃၀အရွယ်တိုက်စစ်မှူးအတွက် ယူရို ၄၅သန်းအလိုရှိနေပြီး တကယ်လို့ နှစ်သင်းကြား ပြောင်းရွှေ့ကြေး ညှိနှိုင်းမှုအဆင်ပြေသွားရင် ၂၀၂၃ မှာ အတ္တလန္တာနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဇာပါတာလည်း နယူးကာဆယ်ကို ရောက်လာနိုင်ဖို့ များပါတယ်။

ဇန်နဝါရီလအတွင်း ထရာအိုရေးကို ရောင်းချတော့မယ့် ဝုဗ်
=============================
Daily Star သတင်းစာရဲ့ဖော်ပြချက်အရ ဝုဗ်အသင်းဟာ ယခုလအတွင်းမှာပဲ တောင်ပံကစားသမား အဒါမာထရာအိုရေးကို အသင်းကနေ ထုတ်ရောင်းဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ပေါင် ၂၅သန်းတန် စပိန်လက်ရွေးစင် ထရာအိုရေးကို ခေါ်ယူနိုင်ဖို့ တော့တင်ဟမ်က ထိပ်ဆုံးကနေ ရေပန်းစားနေပေမယ့် ဘာစီလိုနာကလည်း သူ့ကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဝုဗ်ဟာ တနင်္လာနေ့က ပေါ်တူဂီကလပ် အက်စ်တိုရေးကနေ တောင်ပံကစားသမား ဆီကွင်ဟိုကို ပေါင် ၂.၉သန်းနဲ့ခေါ်ယူခဲ့ပြီးနောက် ထရာအိုရေးကို ရောင်းဖို့ ပြင်ဆင်လာတာဖြစ်ပြီး သင့်တော်မျှတတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလာရင် လက်သင့်ခံဖွယ်ရှိနေပါတယ်။

ဆမ်ဒိုးရီးယားကို အငှားသွားကစားတော့မယ့် အင်တာကွင်းလယ်လူ ဆန်ဆီ
==================================
အင်တာမီလန်ကွင်းလယ်လူ ဆန်ဆီဟာ ပြည်တွင်းပြိုင်ဘက် ဆမ်ဒိုးရီးယားအသင်းထံ ယခုရာသီကုန်အထိရှိမယ့် ၆လအငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားတော့မယ်လို့ သိရပါတယ်။ စကိုင်းစပို့တ်အီတာလီယာသတင်းထောက် ဒီမာဇီယိုက အသက် ၂၆ နှစ်အရွယ်ရှိ ဆန်ဆီအနေနဲ့ ဆမ်ဒိုးရီးယားကို ပြောင်းရွှေ့ကစားဖို့ သဘောတူညီမှုရရှိထားပြီးဖြစ်ကြောင်း သတင်းပေးပို့ပါတယ်။ ဆန်ဆီဟာ ဒဏ်ရာပြဿနာနဲ့ အင်တာကွင်းလယ်မှာ ပြင်းထန်တဲ့အားပြိုင်မှုတွေကြောင့် ယခုရာသီမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရလို့ အီတလီအသင်းမှာ ပြန်လည်ရွေးချယ်ခံရရေးအတွက် ပွဲထွက်ခွင့်ပိုရနိုင်တဲ့ ဆမ်ဒိုးရီးယားကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

အာသာကို ခေါ်ယူရေး အာဆင်နယ်ရဲ့ကြိုးစားမှု အဆင်မပြေ
=============================
အာဆင်နယ်အသင်းဟာ ဂျူဗင်တပ်စ်ကွင်းလယ်လူ မက်အာသာကို အငှားနဲ့ ခေါ်ယူရေးအတွက် တူရင်ကလပ်နဲ့ ဆွေးနွေးခဲ့ပေမယ့် အဆင်မပြေဖြစ်ခဲ့ရပြီး အဓိကကတော့ ဂျူဗင်တပ်စ်ဘက်က အသက် ၂၅ နှစ်အရွယ်ရှိ ဘရာဇီးသား အာသာရဲ့နေရာမှာ အစားထိုးဖို့ ကစားသမားသစ်ရှာမတွေ့တာကြောင့် အဆင်မပြေဖြစ်ခဲ့တာဖြစ်ပါတယ်။ အာသာဟာ ယခုရာသီစီးရီးအေမှာ ပွဲထွက်အဖြစ် ၄ပွဲပဲ ကစားခွင့်ရထားပြီး အာဆင်နယ်ကလည်း ကွင်းလယ်ပိုင်း လိုအပ်ချက်တွေကြောင့် အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ဂျူဗင်တပ်စ်က လက်မခံတာဖြစ်ပါတယ်။ အာဆင်နယ်က အငှားကာလအတွင်း အာသာရဲ့လစာအကုန်လုံးကို ပေးချေမှာဖြစ်ပေမယ့် ငှားရမ်းခပေးမှာမဟုတ်ဘဲ ဂျူဗင်တပ်စ်ကလည်း အာသာကို လက်မလွှတ်ရခင် အစားထိုးနိုင်မယ့်ကစားသမားကို အရင်ခေါ်ယူလိုနေတာဖြစ်ပါတယ်။

စိန့်အက်တီယန်ကို ရောက်ဖို့ များနေတဲ့ စီးတီးနောက်ခံလူဟောင်း မန်ဂါလာ
====================================
မန်စီးတီးနောက်ခံလူဟောင်း မန်ဂါလာကို ပြင်သစ်လီဂူးကလပ် စိန့်အက်တီယန်အသင်းကို ကာလတိုစာချုပ်နဲ့ ရောက်လာတော့မှာဖြစ်ပါတယ်။ ပြင်သစ်သတင်းစာတွေရဲ့ဖော်ပြချက်အရ အသက် ၃၁ နှစ်ပြည့်တော့မယ့် မန်ဂါလာဟာ ယနေ့မှာ ပြင်သစ်ကို ရောက်လာပြီး စိန့်အက်တီယန်နဲ့ ဆေးစစ်ဆေးမှုခံယူမှာဖြစ်ပြီး အသင်းနဲ့ ၆ လစာချုပ်ချုပ်ဆိုမယ်လို့ သိရပါတယ်။ မန်ဂါလာဟာ မေလက ဗလန်စီယာအသင်းနဲ့လမ်းခွဲခဲ့သူဖြစ်ပြီး စိန့်အက်တီယန်အသင်းက လိုင်ယွန်နဲ့ကစားရမယ့် ဒါဘီပွဲမှာ မန်ဂါလာ ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။

အသင်းကြီးတွေရဲ့ပစ်မှတ် ဗလာဟိုဗစ်ကို ယခုလအတွင်း ရောင်းချမှာမဟုတ်တဲ့ ဖီအို
========================================
ဖီအိုရင်တီးနားအသင်းဟာ အသင်းကြီးတွေရဲ့ပစ်မှတ်ဖြစ်နေတဲ့ တိုက်စစ်မှူး ဗလာဟိုဗစ်ကို ယခုလအတွင်း ရောင်းချမှမဟုတ်ဘဲ အနည်းဆုံး ယခုရာသီကုန်အထိ ဆက်ထိန်းသွားမယ်လို့ သိရပါတယ်။ ဆားဘီးယားလက်ရွေးစင် ဗလာဟိုဗစ်ကို ခေါ်ယူဖို့ ဂျူဗင်တပ်စ်နဲ့ အာဆင်နယ်တို့က အပြိုင်စိတ်ဝင်စားနေပြီး ဘာစီလိုနာကလည်း တကယ်လို့ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကို မခေါ်နိုင်ရင် ဗလာဟိုဗစ်ကို အစားထိုးခေါ်ယူဖွယ်ရှိနေပါတယ်။

#အာသာ #အပြောင်းအရွှေ့ #မာရှယ် #ဇာပါတာ #ထရာအိုရေး