ရှေ့သို့
Image

ယနေ့အတွက် နောက်ဆုံးရအပြောင်းအရွှေ့သတင်းတိုများ

11:52 AM, 17 January

ပီအက်စ်ဂျီဂိုးသမား နာဗက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ နယူးကာဆယ်

======================================

ယခုဈေးကွက်အတွင်း လက်သွက်နေတဲ့ နယူးကာဆယ်ဟာ အခုလည်း ပီအက်စ်ဂျီဂိုးသမား ကေလာနာဗက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ပြင်သစ်သတင်းဌာနတွေရဲ့ဖော်ပြချက်အရ နယူးကာဆယ်ဟာ အသက် ၃၅ နှစ်အရွယ်ရှိ ကော်စတာရီကာလက်ရွေးစင် နာဗက်စ်ကို ခေါ်ယူနိုင်ဖို့ ပီအက်စ်ဂျီအသင်းထံ ဆက်သွယ်ချဉ်းကပ်လာတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ပီအက်စ်ဂျီကတော့ ယခုဈေးကွက်အတွင်း နာဗက်စ်ကို လက်မလွှတ်လိုဘဲ အနည်းဆုံး ယခုရာသီကုန်အထိ ဆက်ထိန်းထားဖို့ ပြင်ဆင်နေပါတယ်။


ပီအက်စ်ဂျီဘယ်နောက်ခံလူ ကာဇာဝါကို ခေါ်ယူလိုနေတဲ့ ချဲလ်ဆီး

==============================

ဘယ်နောက်ခံလူနေရာအတွက် ကစားသမားသစ်ခေါ်ယူလိုနေတဲ့ ချဲလ်ဆီးဟာ ပီအက်စ်ဂျီဘယ်နောက်ခံလူ ကာဇာဝါကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် အခုချိန်အထိတော့ ဆွေးနွေးမှုတွေ မပြုလုပ်ရသေးဘူးလို့ အပြောင်းအရွှေ့ဂုရု ဖာဘရီဇီယိုရိုမာနိုက သတင်းပေးပို့ပါတယ်။ ချဲလ်ဆီးဟာ ဘယ်နောက်ခံလူ ချီဝဲလ် အရွတ်ကြောဒဏ်ရာကြောင့် ယခုရာသီကုန်အထိ အနားယူနေရရာ ဖလာမင်ဂိုအသင်းထံ အငှားချထားတဲ့ ဘယ်နောက်ခံလူ ကင်နဒီကို ပြန်လည်ခေါ်ယူထားရပြီး ယခုလည်း အသက် ၂၉ နှစ်အရွယ်ရှိ ပြင်သစ်နောက်ခံလူ ကာဇာဝါကို ခေါ်ယူချင်နေတာပါ။


ဗလာဟိုဗစ်ကို ပေါင်သန်း ၅၀နဲ့ ကမ်းလှမ်းလိုက်တဲ့ အာဆင်နယ်

==============================

အာဆင်နယ်အသင်းဟာ ဖီအိုရင်တီးနားတိုက်စစ်မှူး ဗလာဟိုဗစ်ကိုခေါ်ယူနိုင်ရေးအတွက် ပေါင်သန်း ၅၀နဲ့ ကမ်းလှမ်းလိုက်ပြီး အဲဒီကမ်းလှမ်းမှုထဲမှာ ဖလောရင့်စ်ကလပ်ထံ အငှားချထားတဲ့ တော်ရဲရားကိုလည်း အလိုက်ပေးထည့်သွင်းထားတယ်လို့ သိရပါတယ်။ အသက် ၂၁နှစ်အရွယ်ရှိ ဆားဘီးယားလက်ရွေးစင် ဗလာဟိုဗစ်ကိုခေါ်ယူဖို့ ထိပ်တန်းအသင်းအများအပြားက စိတ်ဝင်စားနေပေမယ့် အာဆင်နယ်ကတော့ ယခုလအတွင်း ရအောင်ခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပြီး ဖီအိုရင်တီးနားက အဆိုပါကစားသမားအတွက် ယူရို ၇၅သန်းအလိုရှိနေတယ်လို့ သိရပါတယ်။ အီတလီမီဒီယာတွေရဲ့ဖော်ပြချက်အရ အာဆင်နယ်ဟာ ငွေသား ပေါင်သန်း ၅၀(ယူရိုသန်း ၆၀)နဲ့အတူ တော်ရဲရားကို အလိုက်ပေးကမ်းလှမ်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။


ဘရော်ဂျာကို အမြဲတမ်းစာချုပ်နဲ့ ခေါ်ယူဖို့ ချဲလ်ဆီးနဲ့ ဆွေးနွေးနေတဲ့ ဆောက်သမ်တန်

=======================================

ဆောက်သမ်တန်အသင်းဟာ ချဲလ်ဆီးကနေ အငှားနဲ့ ရေဂာက်လာပြီးချိန်ကတည်းက ခြေစွမ်းပြနေတဲ့ လူငယ်တိုက်စစ်မှူး ဘရော်ဂျာကို အမြဲတမ်းစာချုပ်နဲ့ ခေါ်ယူဖို့ ချဲလ်ဆီးအသင်းနဲ့ ဆွေးနွေးနေပါတယ်။ အသက် ၂၀ အရွယ်ရှိ အယ်လ်ဘေးနီးယားလက်ရွေးစင် ဘရော်ဂျာဟာ နွေရာသီက တစ်ရာသီအငှားနဲ့ ရောက်လာပြီးချိန်ကတည်းက ဆောက်သမ်တန်အတွက် ၅ ဂိုးသွင်းယူပေးထားပြီး ယခုတစ်ပတ်အတွင်း ဆွေးနွေးမှု ပိုမိုထိရောက်လာနိုင်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရာသီက နယ်သာလန်ကလပ် ဗီတက်စီအသင်းမှာ အငှားကစားခဲ့ဖူးတဲ့ ဘရော်ဂျာဟာ ချဲလ်ဆီးအကယ်ဒမီကနေ ထွက်ပေါ်လာသူဖြစ်ပြီး ချဲလ်ဆီးနဲ့စာချုပ်သက်တမ်းက ၂၀၂၆ နွေရာသီကျမှ ကုန်ဆုံးမှာဖြစ်ပါတယ်။


နယူးကာဆယ်ကို ပြောင်းရွှေ့ခွင့်ရပေမယ့် ပယ်ချခဲ့တဲ့ ဗန်ဒီဘိခ်

==============================

ယူနိုက်တက်အသင်းကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ ယခုလအတွင်း ပြည်တွင်းပြိုင်ဘက် နယူးကာဆယ်အသင်းထံ ပြောင်းရွှေ့ခွင့်ရဖို့ အခွင့်အရေးရခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ နယူးကာဆယ်အသင်း တန်းမဆင်းရဖို့ ရုန်းကန်နေရမှုကြောင့် ငြင်းဆန်ပယ်ချခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိ နယ်သာလန်လက်ရွေးစင် ဗန်ဒီဘိခ်ဟာ ၂၀၂၀ နွေရာသီက အေဂျက်စ်ကနေ ရောက်လာပြီးချိန်ကတည်းက ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီး ဇန်နဝါရီဈေးကွက်မှာလည်း သူ့ရဲ့အပြောင်းအရွှေ့သတင်းတွေက ကျယ်ပြန့်စွာထွက်ပေါ်နေပါတယ်။


ယူနိုက်တက်နဲ့ ဂျူဗင်တပ်စ် တစ်သင်းသင်းကို ရောက်ဖို့များနေတဲ့ ဒမ်ဘီလီ

==============================

ဘာစီလိုနာအသင်းတောင်ပံကစားသမား အူစမာနီဒမ်ဘီလီဟာ လာမယ့်နွေရာသီမှာ ယူနိုက်တက် ဒါမှမဟုတ် ဂျူဗင်တပ်စ် တစ်သင်းသင်းထံ ရောက်ဖို့ များနေပြီး ချဲလ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်ကို ရောက်ဖို့ အခွင့်အရေးနည်းသွားပြီလို့ သိရပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင် ဒမ်ဘီလီဟာ ယခုရာသီအကုန်မှာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးမှုတွေကလည်း အဆင်မပြေဖြစ်နေပါတယ်။ ဒမ်ဘီလီဟာ လွန်ခဲ့တဲ့ ၂နှစ်က ယူနိုက်တက်ကို ရောက်ဖို့ အလွန်နီးစပ်ခဲ့ပြီးမှ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ဖူးပြီး လာမယ့်နွေရာသီမှာတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ဖွယ်ရှိနေပါတယ်။


တိုင်လေမန်းစ် ထွက်ခွာနိုင်မှုအတွက် ပြင်ဆင်ထားတယ်လို့ လက်စတာ ဝန်ခံ

====================================

လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာက မိမိတို့အသင်းအနေနဲ့ ကွင်းလယ်ကြယ်ပွင့် တိုင်လေမန်းစ် အသင်းကနေ ထွက်ခွာနိုင်မှုအတွက် ပြင်ဆင်ထားတယ်လို့ ဝန်ခံလိုက်ပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင် တိုင်လေမန်းစ်ဟာ ၂၀၂၃ နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းဘက်က စာချုပ်သစ်ချုပ်ဆိုလိုနေပေမယ် ကစားသမားဖြစ်သူကတော့ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်လိုနေပါတယ်။ သူ့ကို ခေါ်ယူဖို့ အာဆင်နယ်အသင်းနဲ့ လီဗာပူးတို့က အပြိုင်စိတ်ဝင်စားနေပါတယ်။

#အာဆင်နယ် #နယူးကာဆယ် #အပြောင်းအရွှေ့ #ဗလာဟိုဗစ် #နာဗက်စ်