ရှေ့သို့
Image

ပီအက်စ်ဂျီကြယ်ပွင့်ကို ခေါ်ယူဖို့ နယူးကာဆယ်အသင်း ပြင်ဆင်နေဟုဆို

10:07 AM, 17 January

သတင်းတွေရဲ့ဖော်ပြချက်အရ နယူးကာဆယ်အသင်းဟာ ပီအက်စ်ဂျီအသင်းဂိုးသမား ကေလာနာဗက်စ်ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

နာဗက်စ်ဟာ ၂၀၁၉ ခုနှစ်က ပီအက်စ်ဂျီကို မရောက်ခင် ရီးရဲလ်မှာ ချန်ပီယံလိဂ်ဖလား ၃ကြိမ်နဲ့ လာလီဂါဖလား ၁ကြိမ် ရယူနိုင်ခဲ့ပြီး ပီအက်စ်ဂျီအတွက် စုစုပေါင်း ၉၇ ပွဲကစားပေးထားပါတယ်။

ဒါပေမဲ့ အသက် ၃၅ နှစ်အရွယ်ရှိ ကော်စတာရီကာလက်ရွေးစင် နာဗက်စ်ဟာ ပြီးခဲ့တဲ့နွေရာသီက အီတလီဂိုးသမား ဒွန်နာရူမာ ရောက်လာပြီးနောက် အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ မသေချာတော့ဘဲ နည်းပြ ပိုချက်တီနိုက နာဗက်စ်နဲ့ ဒွန်မာရူမာတို့ကို အလှည့်ကျထုတ်သုံးနေပါတယ်။

RMC Sport သတင်းဌာနရဲ့ဖော်ပြချက်အရ နယူးကာဆယ်ဟာ နာဗက်စ်ကို ခေါ်ယူဖို့အတွက် ပီအက်စ်ဂျီအသင်းထံ ဆက်သွယ်ချဉ်းကပ်ထားပြီးဖြစ်ကြောင်း သိရပါတယ်။

ဒါပေမဲ့ ပီအက်စ်ဂျီကတော့ နာဗက်စ်ကို အနည်းဆုံး ယခုရာသီကုန်အထိ အသင်းမှာ ဆက်ထိန်းထားဖို့ ဆုံးဖြတ်ခဲ့ပြီး နယူးကာဆယ်အသင်းမှာ ဒူဘရာကာ၊ ဝုဒ်မန်းနဲ့ ဒါလော စတဲ့ဂိုးသမား ၃ဦးရှိနေပါတယ်။

နယူးကာဆယ်အနေနဲ့ ယခုလအတွင်း နာဗက်စ်ကို ခေါ်ယူဖို့ ထပ်မံကြိုးစားလာမလားဆိုတာ မသေချာသေးပေမယ့် ဖြစ်နိုင်ခြေများတာကတော့ နွေရာသီမှာ ခေါ်ယူဖို့ ပိုကြိုးစားလာနိုင်ပါတယ်။

နယူးကာဆယ်ဟာ ပရီးမီးယားလိဂ်ကနေတန်းမဆင်းရရေးအတွက် ဆောင်းဈေးကွက်အတွင်း ဝင်ရောက်လှုပ်ရှားနေပြီး အက်သလက်ညာနောက်ခံလူ ထရစ်ပီယာကို ပေါင် ၁၂သန်း၊ ဘန်လေတိုက်စစ်မှူး ခရစ္စဝုဒ်ကို ပေါင် ၂၅သန်းတို့နဲ့ အသီးသီးခေါ်ယူထားပြီးဖြစ်ပါတယ်။

ဒါ့အပြင် The Athletic သတင်းဌာနရဲ့ဖော်ပြချက်အရ နယူးကာဆယ်ဟာ ယခုလအတွင်း နောက်ထပ်ကစားသမားသစ် ၅ဦးခေါ်ယူလိုနေပြီး တိုက်စစ်မှူးနှစ်ဦး၊ ဘယ်နောက်ခံလူတစ်ဦးနဲ့ ဗဟိုနောက်ခံလူ နှစ်ဦးတို့ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

#နယူးကာဆယ် #ပီအက်စ်ဂျီ #အပြောင်းအရွှေ့ #နာဗက်စ်