ရှေ့သို့
Image

ယနေ့အတွက် နောက်ဆုံးရအပြောင်းအရွှေ့ သတင်းတိုများ

10:41 AM, 13 January

ဘရိုက်တန် နောက်ခံလူ လမ့်တေးကို ခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ ယူနိုက်တက်
======================================
ယူနိုက်တက်အသင်းဟာ လက်ရှိညာနောက်ခံတွေဖြစ်တဲ့ ဝမ်ဘစ်ဆာကာနဲ့ ဒါလော့တို့ရဲ့လုပ်အားနှုန်းတွေအပေါ် သိပ်ပြီးအားမရလို့ ဘရိုက်တန်ညာနောက်ခံလူ လမ့်တေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဘရိုက်တန်အသင်းက အသက် ၂၁နှစ်အရွယ်ရှိ အင်္ဂလန်ယူ -၂၁ လက်ရွေးစင် လမ့်တေးအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၄၀ အလိုရှိနေပါတယ်။ ဒါ့အပြင် ဂျာမန်မီဒီယာတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်ဟာ ဂလာဘတ်ကွင်းလယ်လူ ဇာကာရီယာကို ခေါ်ယူနိုင်ရေးအတွက် သူ့ရဲ့ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။

ပေါ်တိုကွင်းလယ်လူ ဆာဂျီယိုအိုလီဗီအဲရာကို အငှားနဲ့ ခေါ်ယူလိုက်တဲ့ ရိုးမား
=====================================
စီးရီးအေကလပ် ရိုးမားအသင်းဟာ ပေါ်တိုအသင်းကနေ ပေါ်တူဂီဝါရင့်ကွင်းလယ်လူ ဆာဂျီယိုအိုလီဗီအဲရာကို ယခုရာသီကုန်အထိရှိမယ့် အငှားစာချုပ်နဲ့ ခေါ်ယူခဲ့ပြီး အငှားသက်တမ်းကုန်ဆုံးချိန်မှာ အပြီးသတ်ခေါ်ယူခွင့်လည်း ထည့်သွင်းချုပ်ဆိုထားတယ်လို့ သိရပါတယ်။ ရိုးမားဟာ ပြီးခဲ့တဲ့အပတ်ကလည်း အာဆင်နယ်ကွင်းလယ်လူ မစ်လန်းနိုင်းစ်ကို အငှားနဲ့ ခေါ်ယူထားပြီး အသက် ၂၉ နှစ်အရွယ်ရှိ ဆာဂျီယိုအနေနဲ့ အသင်းသစ်မှာ ကျောနံပါတ် ၂၇ ဂျာစီ ဝတ်ဆင်ကစားမှာဖြစ်ပါတယ်။

ကွင်းလယ်လူ အာသာကို ခေါ်ယူဖို့ ဂျူဗင်တပ်စ်ထံ ချဉ်းကပ်လာတဲ့ အာဆင်နယ်
=======================================
အာဆင်နယ်အသင်းဟာ ဘရာဇီးကွင်းလယ်လူ မက်အာသာကို အငှားနဲ့ ခေါ်ယူနိုင်ရေးအတွက် သူ့ရဲ့ကလပ် ဂျူဗင်တပ်စ်အသင်းထံ ဆက်သွယ်ချဉ်းကပ်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ကွင်းလယ်လူတွေဖြစ်တဲ့ ပါတေးနဲ့ အယ်လ်နီနီတို့ကို အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကြောင့် လက်လွှတ်ဆုံးရှုံးထားရသလို မစ်လန်းနိုင်းစ်ကိုလည်း ရိုးမားအသင်းထံ အငှားချထားလိုက်လို့ ကွင်းလယ်ပိုင်းအင်အားဖြည့်တင်းဖို့ ကြိုးစားနေတာဖြစ်ပြီး အာသာကို ၆လအငှားစာချုပ်နဲ့ ခေါ်ယူဖို့ ဂျူဗင်တပ်စ်နဲ့ ဆွေးနွေးနေပါတယ်။ ဒါ့အပြင် အာဆင်နယ်ဟာ ၂၀၂၃ နွေရာသီမှာ လက်စတာအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကွင်းလယ်လူ တိုင်လေမန်းစ်ကို ခေါ်ယူဖို့ ဆွေးနွေးနေပါတယ်။

ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ပီအက်စ်ဂျီ
======================================
ပြင်သစ်မီဒီယာတွေရဲ့ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းဟာ ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အသက် ၂၈ နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင်ကလည်း ပီအက်စ်ဂျီကို ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။ ၂၀၁၆ နွေရာသီက ဂျူဗင်တပ်စ်ကနေ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး(ထိုစဉ်က) ပေါင် ၈၉သန်းနဲ့ ပြန်ရောက်လာတဲ့ ပေါ့ဂ်ဘာဟာ ယခုရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ် ချုပ်ဆိုဖို့ကလည်း အဆင်မပြေဖြစ်နေပါတယ်။ သူ့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ပီအက်စ်ဂျီအသင်းအပြင် ရီးရဲလ်နဲ့ ဂျူဗင်တပ်စ်တို့ကလည်း အပြိုင်စိတ်ဝင်စားနေပါတယ်။

ချဲလ်ဆီးမှာပဲ ဆက်ကစားဖို့ ရူဒီဂါ ဆုံးဖြတ်လိုက်ပြီဖြစ်
=========================
အသင်းကြီးတွေရဲ့ပစ်မှတ်ဖြစ်နေတဲ့ ချဲလ်ဆီးနောက်ခံလူ ရူဒီဂါဟာ ယခုအခါ အသင်းမှာပဲဆက်ကစားဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ အသက် ၂၈ နှစ်အရွယ်ရှိ ဂျာမနီလက်ရွေးစင် ရူဒီဂါဟာ ယခုရာသီအကုန်မှာ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ယခုအချိန်အထိ စာချုပ်သစ် မချုပ်ဆိုရသေးဘဲ သူ့ကို ခေါ်ယူဖို့ ဘိုင်ယန်၊ ရီးရဲလ်နဲ့ ပီအက်စ်ဂျီတု့ိက အပြိုင်စိတ်ဝင်စားနေပါတယ်။

ဘန်ကိုဗစ်နဲ့ စာချုပ်ဖျက်သိမ်းဖို့ သဘောတူညီလိုက်တဲ့ လက်စတာ
==============================
လက်စတာအသင်းဟာ နောက်ခံလူ ဘန်ကိုဗစ်နဲ့ စာချုပ်ဖျက်သိမ်းဖို့ နှစ်ဦးသဘောတူညီမှုရရှိသွားပြီဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိ ဘန်ကိုဗစ်ဟာ ၂၀၁၈ သြဂုတ်လက ဒိုင်နမိုဇာဂရက်ကနေ ပေါင် ၁၃ သန်းနဲ့ ရောက်လာခဲ့သဖြစ်ပြီး ယခုတော့ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ ၁၈ လအလိုမှာပဲ အသင်းနဲ့ စာချုပ်ဖျက်သိမ်းလိုက်ပြီး စီးရီးအေကလပ် အူဒီးနီးစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိတော့မှာဖြစ်ပါတယ်။

နောက်ခံလူ ဂိုဒင်နဲ့ စာချုပ်ဖျက်သိမ်းလိုက်တဲ့ ကက်ဂလီယာရီ
==============================
စီးရီးအေကလပ် ကက်ဂလီယာရီအသင်းဟာ ဝါရင့်နောက်ခံလူ ဒီယေဂိုဂိုဒင်နဲ့ စာချုပ်ဖျက်သိမ်းလိုက်ပြီဖြစ်ရာ အဆိုပါဥရုဂွေးလက်ရွေးစင်အနေနဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းရွှေ့ခွင့်ရရှိသွားပြီဖြစ်ပါတယ်။ အက်သလက်တီကိုနောက်ခံလူဟောင်း ဂိုဒင်ဟာ ၂၀၂၀ မှာ အင်တာကနေ ကက်ဂလီယာရီကို ရောက်လာပြီးနောက် အသင်းအတွက် ၃၉ ပွဲကစားပေးခဲ့ပြီး ယခုအခါ ဘရာဇီးကလပ် မင်နဲရိုး အသင်းကို ၁နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ မူအားဖြင့် သဘောတူညီမှုရရှိထားပါတယ်။

#အာသာ #ရူဒီဂါ #အပြောင်းအရွှေ့ #ပေါ့ဂ်ဘာ #ဗီအဲရာ