ရှေ့သို့
Image

ကတ်ဆီကို အလွတ်နဲ့ခေါ်ယူဖို့ ကြိုးစာရာမှာ ရီးရဲလ်နှာတစ်ဖျားသာနေတဲ့ ဘာစီလိုနာ

1:54 PM, 12 December

ဘာစီလိုနာအသင်းဟာ လာမယ့်နွေရာသီမှာ ကြီးမားတဲ့ အပြောင်းအရွှေ့ တစ်ခုဖြစ်လာမယ့် ကတ်ဆီရဲ့ အပြောင်းအရွှေ့မှာ အဓိကပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို အသာစီးရယူထားနိုင်တယ်လို့ သိရပါတယ်။ ဘဏ္ဍာရေး ပြဿနာတွေ ရင်ဆိုင်နေရတဲ့ ရီးရဲလ်ရော ဘာစီလိုနာပါ လာမယ့်အပြောင်းအရွှေ့တွေမှာ ဈေးပေါတဲ့ ကစားသမားတွေ၊ ပြောင်းရွှေ့ကြေး အလွတ်နဲ့ရမယ့် ကစားသမားတွေကိုသာ ဦးစားပေး ခေါ်ယူဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။

ရီးရဲလ်ဆိုရင် ပြီးခဲ့တဲ့ နွေရာသီတုန်းက အက်ဒွာဒိုကာမာဗင်ဂါနဲ့ ဒေးဗစ်အလာဘာတို့က လွဲရင် ကစားသမားသစ် ခေါ်ယူခြင်းမရှိခဲ့ပါဘူး။ ကာမာဗင်ဂါက စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်လို့ ပြောင်းရွှေ့ကြေး တစ်ဝက်သာ ပေးရသလို၊ အလာဘာကလည်း ဘိုင်ယန်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့လို့ အလွတ်နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အလာဘာရဲ့ လစာပမာဏကတော့ တစ်ပတ်ကို ပေါင် ၄၀၀၀၀၀ ဖြစ်လို့ နည်းတော့ မနည်းပါဘူး။

စပိန်ထိပ်သီးနှစ်သင်းဟာ လာမယ့်နွေရာသီမှာလည်း ဒီလိုမျိုး ပေါချောင်ကောင်း ကစားသမားတွေနဲ့ အလွတ်ပြောင်းရွှေ့ကြေး ကစားသမားတွေကို ရှာဖွေနေပြီး အပြိုင်လုကြဦးမှာ ဖြစ်ပါတယ်။ ဒီထဲမှာ ကီလီယန်မက်ပီကတော့ ရီးရဲလ်ရဲ့ နံပါတ်တစ် ပစ်မှတ်ဖြစ်ပေမယ့် ပေါလ်ပေါ့ဂ်ဘာ၊ အန်တိုနီယိုရူဒီဂါတို့လို ဇူလိုင်လမှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမားတွေကိုလည်း အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ ချိတ်ဆက်နေပြန်ပါတယ်။

ရီးရဲလ်ဟာ အရင်က မန်ချက်စတာယူနိုက်တက်နဲ့ သတင်းထွက်ခဲ့ဖူးတဲ့ အေစီမီလန်ကွင်းလယ်လူ ဖရန့်ကတ်ဆီကိုလည်း စိတ်ဝင်စားနေပေမယ့် ကတ်ဆီကိုတော့ မဟာပြိုင်ဘက်ကြီးထံ လက်လွှတ်ရဖို့ များနေပါတယ်။ El National ရဲ့ဖော်ပြချက်အရ ကတ်ဆီဟာ သူ့ကိုပွဲထွက်ခွင့် ပိုပေးနိုင်ဖို့များတဲ့ အသင်းကိုသာ ရွေးချယ်ချင်တာကြောင့် ဘာကာက နံပါတ်တစ် ဦးစားပေး ဖြစ်နေတယ်လို့ သိရပါတယ်။

တိုနီခရူးစ်၊ လူကာမိုဒရစ်၊ ဖီဒီဗယ်လ်ဗာဒီ၊ ကတ်စီမီရိုနဲ့ ကာမာဗင်ဂါတို့ရှိနေတဲ့ ရီးရဲလ်ဟာ အိုင်ဗရီကို့စ်သားအတွက်တော့ ပွဲထွက်လူစာရင်းထဲ ဝင်ရောက်နိုင်ဖို့ ခဲယဉ်းမယ်လို့ ယုံကြည်ထားပါတယ်။ တစ်ဖက်က ဘာစီလိုနာမှာတော့ ကွင်းလယ်မှာ လူငယ်ကြယ်ပွင့်တွေသာ များနေခဲ့ပြီး အတွေ့အကြုံရင့်ပြီး ကွင်းလယ်ကို ထိန်းကျောင်းနိုင်တဲ့ ကစားသမားကတော့ အနည်းငယ်သာ ရှိနေခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ဘာကာဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက လီဗာပူးကနေ အလွတ်နဲ့ထွက်ခွာမယ့် ဂျော်ဂျီနီယိုဝစ်ဂျ်နဲဒမ်းကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် လီဗာပူးကစားသမားဟောင်းက ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

ကတ်ဆီအနေနဲ့ လစာပိုပေးတာ မပေးတာထက် သူ့ကိုပွဲထွက်ခွင့် ပိုပေးဖို့ကသာ အရေးအကြီးဆုံးဖြစ်လို့ ရီးရဲလ်မက်ဒရစ်ထက် ဘာကာကို ပိုပြီးစိတ်ဝင်စားနေတာလည်း ဖြစ်ပါတယ်။ ကတ်ဆီရဲ့ အသက်ကလည်း ၂၄ နှစ်အရွယ်သာ ရှိသေးတာကြောင့် အခွင့်အရေးတွေများစွာ ရှိနေပေမယ့် တကယ်သာ ဘာကာကိုရောက်လာခဲ့မယ်ဆိုရင်တော့ လက်ရှိဘာကာကွင်းလယ်လူ ဖရန်ကီဒီဂျောင်ကတော့ အသင်းကနေ ထွက်ခွာဖွယ် ရှိပါတယ်။ ယူနိုက်တက်နဲ့ အခြားပရီးမီးယားလိဂ် ကလပ်တွေကလည်း ကတ်ဆီကို ချိတ်ဆက်လျက်ရှိပေမယ့် အင်္ဂလန်ကိုတော့ ရှောင်ပြီးရွေးချယ်သွားဖွယ် ရှိနေပါတယ်။

#ဘာစီလိုနာ #ရီးရဲလ်မက်ဒရစ် #အပြောင်းအရွှေ့ #ကက်ဆီ