ရှေ့သို့
Image

ယူနိုက်တက်က စိတ်ဝင်စားနေတဲ့ ကိန်းကို တော့တင်ဟမ်က ထွက်ဖို့ တိုက်တွန်းခဲ့တဲ့ ဂျရတ်

4:34 PM, 24 March

လီဗာပူးဂန္တဝင်ကစားသမားကြီး စတီဗင်ဂျရတ်ကတော့ မန်ချက်စတာယူနိုက်တက်က ခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ ဟယ်ရီကိန်းကို ဒီနွေရာသီမှာ တော့တင်ဟမ်ကနေ ထွက်ခွာဖို့ တိုက်တွန်းခဲ့ပါတယ်။ ၂၉ နှစ်အရွယတိုက်စစ်မှူးဟာ တော့တင်ဟမ်နဲ့ စာချုပ်သက်တမ်း ၂ နှစ် ကျန်သေးတာကြောင့် နွေရာသီမှာ တိုက်စစ်မှူးကို ခေါ်ယူချင်တဲ့ အသင်းအနေနဲ့ အနည်းဆုံးပေါင်သန်း ၁၀၀ နဲ့ကမ်းလှမ်းမှသာ တော့တင်ဟမ်ဘက်က လက်ခံမယ်လို့ ယူဆရပါတယ်။

ယူနိုက်တက်ကလည်း ရာသီကုန်မှာ တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူဖို့စီစဉ်နေပြီး ကိန်းနဲ့ နာပိုလီတိုက်စစ်မှူး ဗစ်တာအိုဆီမန်တို့ကို အဓိကပစ်မှတ်တွေအဖြစ် သတ်မှတ်ထားပါတယ်။ ၂၀၂၁ နွေရာသီက မန်စီးတီးကို ပြောင်းရွှေ့ဖို့ ကြိုးစားမှုမအောင်မြင်ခဲ့တဲ့ ကိန်းကို ဂျရတ်က နောက်တစ်ကြိမ် တော့တင်ဟမ်က ထွက်ခွာဖို့ကြိုးစားသင့်တယ်လို့ ပြောခဲ့ပါတယ်။

မနေ့ညက အီတလီနဲ့ပွဲအပြီးမှာတော့ ဂျရတ်က “အရမ်းကောင်းတဲ့ ပင်နယ်တီကန်ချက်ပါပဲ၊ ဂိုးထဲကို သေချာပေါက် ဝင်မယ့်ကန်ချက်ပါ။ သူက ကမ္ဘာ့အကောင်းဆုံး ပင်နယ်တီကန်သွင်းသူ တစ်ယောက်ပါပဲ။ အဲ့ဒါကြောင့်လည်း ကမ္ဘာ့ဖလားမှာ သူ့ရဲ့ခြေစွမ်းက အံ့သြလောက်အောင် ကောင်းခဲ့တာပါ။ သူ့ရဲ့ခြေစွမ်းကို ချီးကျူးလို့ မကုန်ပါဘူး၊ လက်ရှိကမ္ဘာ့အကောင်းဆုံး နံပါတ် ၉ ကစားသမား တစ်ယောက်ပါ။ အဲ့ဒါကြောင့် အပြောင်းအရွှေ့ကာလရောက်တိုင်း သူကသတင်းခေါင်းစဉ်တစ်ခုလို ဖြစ်နေတာပါ။ ဒါပေမယ့် ဒီတစ်ခါတော့ တကယ်အသင်းပြောင်းရွှေ့သင့်ပြီလို့ ထင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ရွန်းနီရဲ့နိုင်ငံအသင်းနဲ့ စံချိန်တင်ဂိုးသွင်းနှုန်းကို ကျော်ဖြတ်ခဲ့ပြီးနောက် ကိန်းက “အနာဂတ်အကြောင်း သိပ်မစဉ်းစားပါဘူး။ ဒါပေမယ့် ကျွန်တော့်အသက်က ၂၉ ပါ။ ကြံ့ခိုင်မှုအပြည့်ရှိနေတုန်းပါပဲ၊ ကျွန်တော့်ဘဝရဲ့ အကောင်းဆုံးအချိန်လို့လည်း ခံစားရတယ်။ နောက်ထပ်နှစ်တွေ အများကြီးကစားသွားဦးမှာပါ။ အင်္ဂလန်အသင်းအတွက် ကစားရတိုင်း အကောင်းဆုံး ခံစားချက်တွေကို ရပါတယ်။ တတ်နိုင်သမျှ အကောင်းဆုံး ခြေစွမ်းနဲ့ နိုင်ငံအသင်းအတွက် ကစားချင်ပါတယ်။ တိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်လည်း ပွဲတိုင်းမှာ ဂိုးသွင်းချင်တယ်။ နောက်ထပ်ဂိုးတွေ အများကြီး သွင်းယူနိုင်ဖို့လည်း မျှော်လင့်ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #ဟယ်ရီကိန်း #စတီဗင်ဂျရတ် #ပရီးမီးယားလိဂ်