ရှေ့သို့
Image

ပွဲထွက်ခွင့်အတွက် နာဗက်စ်နဲ့အားပြိုင်နေရတာက အနှောင့်အယှက်ဖြစ်စေတယ်လို့ ဒွန်နာရူမာ ဝန်ခံ

2:14 PM, 14 November

ပီအက်စ်ဂျီ အသင်းဂိုးသမား ဒွန်နာရူမာက ပွဲထွက်ခွင့်ရရေးအတွက် ကေလာနာဗက်စ်နဲ့ အားပြိုင်နေရတာက သူ့အပေါ် အနှောင့်အယှက်ဖြစ်စေတယ်လို့ ဝန်ခံပါတယ်။ အသက် ၂၂ နှစ်အရွယ်ရှိ ဒွန်နာရူမာဟာ အေစီမီလန်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာသူဖြစ်ပြီး ယူရို ၂၀၂၀ မှာ အီတလီအသင်းနဲ့အတူ ချန်ပီယံဖြစ်ခဲ့သလို ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုလည်း ရရှိခဲ့ပါတယ်။

ဒါပေမဲ့ ဒွန်နာရူမာဟာ ပီအက်စ်ဂျီမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီး လိဂ် ၁၃ပွဲမှာ ၅ပွဲနဲ့ ချန်ပီယံလိဂ် ၄ပွဲမှာ ၂ပွဲပဲ ကစားခွင့်ရထားပါတယ်။ ''နာဗက်စ်နဲ့ အားပြိုင်မှုတွေက ကျွန်တော့်ရဲ့စွမ်းဆောင်ရည်အပေါ် ရိုက်ခတ်မှုမရှိပါဘူး။ ဒါပေမဲ့ အနှောင့်အယှက်တော့ဖြစ်ပါတယ်။ ကျွန်တော်ဟာ အရင်တုန်းက ပုံမှန်ပွဲထွက်ခွင့်ရခဲ့တာဖြစ်လို့ ဒီအနေအထားက မလွယ်ပါဘူး။ ပြီးတော့ အရန်ခုံမှာ ထိုင်နေရတာ တစ်ခါတလေနာကျင်ရပါတယ်။ ဒါပေမဲ့ လက်ရှိအနေအထားကို မကြာခင်ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်''လို့ ဒွန်နာရူမာက ပြောပါတယ်။

ဒွန်နာရူမာဟာ အေစီမီလန်မှာ အသက် ၁၆နှစ်၊ ၂၄၂ ရက်နဲ့ပွဲထွက်ခွင့်ခဲ့ရာ အေစီမီလန်အသင်းသမိုင်းတစ်လျှောက် ဒုတိယမြောက်အသက်အငယ်ဆုံး ပွဲထွက်ခွင့်ရသူအဖြစ် စံချိန်တင်နိုင်ခဲ့ပြီး အီတလီအသင်းမှာလည်း အငြင်းပွားဖွယ်မရှိ ဦးစားပေးဂိုးသမားအဖြစ် ရပ်တည်နေသူဖြစ်ပါတယ်။

#အေစီမီလန် #ဒွန်နာရူမာ #ပီအက်စ်ဂျီ #နာဗက်စ်