ရှေ့သို့
Image

ကွန်တီ ရောက်လာမှုနဲ့အတူ ပထမဆုံး ကစားသမားခေါ်ယူနိုင်ဖို့ပါ နီးစပ်နေတဲ့ တော့တင်ဟမ်

9:29 AM, 3 November

သတင်းတွေအရ တော့တင်ဟမ်အသင်းဟာ အေစီမီလန်အသင်း ကွင်းလယ်လူ ဖရန့်ခ်ကက်ဆီကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။

ကက်ဆီဟာ ယူနိုက်တက်အပါအဝင် ဘာစီလိုနာတို့ကလည်း စိတ်ဝင်စားနေကာ အေစီမီလန်နဲ့ ကက်ဆီတို့ဟာ လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ်။ မာကာတိုသတင်းဌာနရဲ့အဆိုအရ အသက် ၂၄  နှစ်သားကို တော့တင်ဟမ်အသင်းက ခေါ်ယူနိုင်ဖို့နီးစပ်နေကာ အေးဂျင့်ဖြစ်သူ အတန်ဂနာနဲ့ ဆွေးနွေးနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

သတင်းတွေအရ အတန်ဂနာဟာ တော့တင်ဟမ်အသင်းနဲ့လုပ်ခလစာ ဆွေးနွေးနေပြီး ဇန်နဝါရီမှာ အကြိုသဘောတူညီမှု ရယူထားဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြနေကြပါတယ်။ ကွန်တီဟာ အင်္ဂါနေ့တုန်းက တော့တင်ဟမ် အသင်းကို စတင်တာဝန်ယူခဲ့တာဖြစ်ကာ အသင်းကို အပြောင်းအလဲလုပ်ရဖွယ်ရှိနေပါတယ်။

တော့တင်ဟမ်ဟာ ပိုချက်တီနို ထွက်ခွာပြီးနောက် မော်ရင်ဟို နဲ့ နူနိုဆန်တို့ကို ခန့်အပ်ခဲ့ပေမယ့် အဆင်မပြေခဲ့ကာ တနင်္ဂနွေနေ့က ယူနိုက်တက်ကို အိမ်ကွင်းမှာ ၃ ဂိုးပြတ်နဲ့အရေးနိမ့်ပြီး ၄ လအကြာမှာပဲ အထုတ်ခံခဲ့ရပါတယ်။ ကက်ဆီကို တော့တင်ဟမ်အသင်း ဒါရိုက်တာ ပရာတီချီက စိတ်ဝင်စားနေတာဖြစ်ကာ လာမယ့်နွေရာသီမှာ အရခေါ်ယူဖို့ ပြင်ဆင်ထားပါတယ်။

မီလန်ဟာ ကက်ဆီကို ဆက်ထိန်းဖို့ကြိုးပမ်းနေဆဲဖြစ်ပေမယ့် အဆင်မပြေသေးတဲ့အနေအထားမှာ ရောင်းချနိုင်ဖို့ စီစဉ်နေပါတယ်။

#တော့တင်ဟမ် #ကွန်တီ #အေစီမီလန် #အပြောင်းအရွှေ့ #ကက်ဆီ