ရှေ့သို့
Image

အဲရစ်ဆင်က ဘိုင်ယန်မှာကစားဖို့ နှေးလွန်းတယ် လို့ ပြောဆိုလိုက်တဲ့ လိုသာ မာသီးယပ်စ်

5:16 PM, 17 October

ဂျာမနီ ဂန္ထဝင် လိုသာမားသီးယပ်စ်ကတော့ စပါးကွင်းလယ်လူ အဲရစ်ဆင်ဟာ ဘိုင်ယန်မြူးနစ်မှာ ကစားဖို့ နှေးလွန်းတယ်လို့ ဆိုလိုက်ပြီး အသင်းဟောင်း ဘိုင်ယန်မြူးနစ်က နွေရာသီမှာ အလွတ်နဲ့ ခေါ်ယူဖို့ ကြံရွယ်နေတာကို ဝေဖန်ပြောဆိုလိုက်ပါတယ်။

အဲရစ်ဆင်ဟာ မြောက်လန်ဒန်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ကို ငြင်းဆန်ခဲ့ပြီး လာမယ့် နွေရာသီမှာ စပါးအသင်းကနေ အလွတ်နဲ့ ထွက်ခွာနိုင်တော့မှာ ဖြစ်ပါတယ်။

သူဟာ လာမယ့်ဇန်နဝါရီ မတိုင်ခင်မှာ အင်္ဂလန်အသင်းတွေမဟုတ်တဲ့ ကလပ်အသင်းတွေနဲ့ အကြိုသဘောတူညီမှု ပြုလုပ်နိုင်ပေမယ့် မာသီးယပ်စ်ကတော့ အဆိုပါကွင်းလယ်လူကို မခေါ်ယူဖို့နဲ့ ဘိုင်ယန်မြူးနစ်အသင်းကို သူတို့ရဲ့ အချိန်တွေနဲ့ ပိုက်ဆံတွေကို တခြားသော ကစားသမားတွေဆီမှာသာ ပစ်မှတ်ထားစေလိုနေပါတယ်။

"စပါးအသင်းအတွက် သူရဲ့ခြေစွမ်းက လုံလောက်ကောင်းမွန်ခြင်းမရှိဘူးဆိုရင် ဘိုင်ယန်မှာလည်း သူ မကောင်းနိုင်ပါဘူး "လို့ မားသီးယပ်စ်က Sport 1 သတင်းကို ပြောပါတယ်။

ဘိုင်ယန်မြူးနစ် ဥက္ကဌ အူလီ ဟိုးနက်စ်ကလည်း ဘိုင်ယန်မြူးနစ်အသင်းဟာ လူစားထိုးဖို့ မလိုဘူးလို့ ပြောပါတယ်။

"အဲရစ်ဆင်က နည်းစနစ်ပိုင်း ကောင်းမွန်တဲ့သူပါ၊ နံပါတ် ၁၀ role ကစားတဲ့ ကစားသမားမျိုးပါ။ ဒါပေမဲ့ သူက နီကို ကိုဗက်စ်တို့လို ကစားသမားတွေနဲ့ ယှဉ်ရင် အရမ်း နှေးပါတယ် "လို့ မာသီးယပ်စ်က ပြောပါတယ်။

ဆက်လက်ပြီး မာသီးယပ်စ်က "ကျွန်တော့်အမြင်အရတော့ အဲရစ်ဆင်က မြင့်မားတဲ့အဆင့်တွေမှာ ကွဲပြားခြားနားမှုတွေ လုပ်ပြနိုင်တဲ့ ကစားသမားမျိုး မဟုတ်ပါဘူး၊ လာမယ့် အပြောင်းအရွှေ့ကာလမှာ နံပါတ် ၁၀ role မှာ အကောင်းဆုံး ကစားနိုင်တဲ့ ဖီလစ်ပီ ကော်တင်ဟို၊ ကိုင် ဟာဗက်ဇ်တို့လို ကစားသမားတွေကိုသာ အာရုံစိုက်သင့်ပါတယ်" လို့ ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။

#စပါး #အဲရစ်ဆင်