ပွဲစဉ်ဇယားအခက်အခဲကြောင့် ဘောက်ဆင်ဒေးအစဉ်အလာရပ်တန့်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ပရီးမီးယားလိဂ်
ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ပရိသတ်တွေ ကာလရှည်ကြာနှစ်သက်ခဲ့ရတဲ့ ဘောက်ဆင်ဒေးအစဉ်အလာကို ချိုးဖျက်ကာ အခုဘောလုံးရာသီမှာ Boxing Day ပွဲစဉ်တစ်ခုသာ ကျင်းပသွားမယ်လို့ ကြေညာခဲ့ပါတယ်။
အခုနှစ်၊ သောကြာနေ့မှာကျရောက်မယ့် Boxing Day မှာ ၄၃ နှစ်တာကာလအတွင်း ပွဲစဉ်အရေအတွက် အနည်းဆုံးအဖြစ် မန်ချက်စတာယူနိုက်တက်က နယူးကာဆယ်ကို ဧည့်ခံကစားရမယ့်ပွဲစဉ်သာ ယှဉ်ပြိုင်ကစားစေမယ်လို့ သိရပါတယ်။ ဒီပြောင်းလဲမှုအတွက် အဓိကအကြောင်းပြချက်အဖြစ် ဥရောပအဆင့်ပြိုင်ပွဲတိုးချဲ့ကျင်းပလာမှုနဲ့ပတ်သက်တဲ့ ပွဲစဉ်ဇယားကျပ်တည်းမှုကို ပရီးမီးယားလိဂ်က ရည်ညွှန်းခဲ့ပါတယ်။
ပရီးမီးယားလိဂ်ရဲ့ထုတ်ပြန်ချက်မှာ “ ဥရောပအဆင့်ကလပ်အသင်းပြိုင်ပွဲတွေ တိုးချဲ့ကျင်းပလာမှုကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်ဇယားရေးဆွဲမှုမှာတောင် စိန်ခေါ်မှုများစွာနဲ့ ကြုံတွေ့လာရပါတယ်။ ဒါကြောင့် အက်ဖ်အေဖလားပြိုင်ပွဲအပြောင်းအလဲနဲ့အတူ ပြီးခဲ့တဲ့ဘောလုံးရာသီမတိုင်ခင် ပြည်တွင်းဘောလုံးပြက္ခဒိန်ကို ပြန်လည်သုံးသပ်ခဲ့ပါတယ်”လို့ ဖော်ပြထားပါတယ်။
ချိန်ညှိမှုအရ ပရီးမီးယားလိဂ်ကို ပွဲစဉ် ၃၈၀ ပါဝင်တဲ့ ပြိုင်ပွဲတစ်ခုအဖြစ် ဆက်လက်ထားရှိခဲ့ပေမဲ့ ယခင်နှစ်တွေထက် ကျင်းပချိန် ပိုမိုနည်းပါးမယ့် ရက်သတ္တပတ် ၃၃ ပတ်ကြာ ပြိုင်ပွဲအဖြစ် ပြောင်းလဲလည်ပတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ရုပ်သံထုတ်လွှင့်မှုသဘောတူညီချက်တွေအရ ရာသီတိုင်းမှာ ပွဲစဉ်တွေကို သီတင်းပတ်ကုန်ဆုံးချိန်တိုင်း ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားရပါတယ်။ ဒါကြောင့် အခုနှစ် Boxing Day ပွဲစဉ်တွေကို ဒီဇင်ဘာ ၂၇-၂၈ ရက်တွေမှာ ကျင်းပသွားပါလိမ့်မယ်။ ပရီးမီးယားလိဂ်က “ ရက်သတ္တပတ်တွေ နည်းပါးလာတာနဲ့အမျှ ပွဲစဉ်စီစဉ်ခြင်းအတွက် အချိန်ကန့်သတ်ချက်တွေ များပြားလာပါတယ်။ လုပ်ငန်းလုပ်ဆောင်နိုင်မယ့်အချိန် နည်းပါးလာလို့ လိဂ်ပြိုင်ပွဲဆီလည်း ဘောလုံးပြက္ခဒိန်ရဲ့အကျိုးသက်ရောက်မှု ရောက်ရှိလာခဲ့ပါတယ်” လို့ ဆိုပါတယ်။
လာမယ့်ဘောလုံးရာသီမှာတော့ Boxing Day က စနေနေ့မှာ ကျရောက်နေလို့ ပိုမိုပြီးပြည့်စုံတဲ့ပုံစံမျိုးနဲ့ အစီအစဉ်ပြန်လည်စတင်သွားမယ်လို့ ပရီးမီးယားလိဂ်က ကတိကဝတ်ပြုခဲ့ပါတယ်။
Boxing Day ပွဲစဉ်တွေက အင်္ဂလိပ်ဘောလုံးလောကရဲ့ မှတ်ကျောက်တစ်ခုအဖြစ် ဆယ်စုနှစ်များစွာ တည်ရှိခဲ့ပြီး ပွဲကြီးပွဲကောင်းတွေနဲ့အတူ ပရိသတ်တွေကို ကွင်းတွင်းအထိ လာရောက်စေဖို့ ဖိတ်ခေါ်နိုင်စွမ်း ရှိပါတယ်။