ရှေ့သို့
Image

နိုင်ငံ့လက်ရွေးစင်အဖြစ်မှ အနားယူလိုက်တဲ့ အသက်-၃၈ နှစ်အရွယ်ဂိုးသမား နူအာ

2:49 PM, 22 August

ဂျာမနီဂိုးသမား နူအာက ၂၀၀၉ ခုနှစ်စတင်ကာ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် ၁၂၄ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီးနောက် ယမန်နေ့(ဗုဒ္ဓဟူးနေ့)မှာ သူ့ရဲ့လက်ရွေးစင်ကစားသမားဘဝကို စွန့်လွှတ်လိုက်ပြီလို့ တရားဝင်ကြေညာခဲ့ပါတယ်။

အသက်-၃၈ နှစ်အရွယ်ဘိုင်ယန်မြူးနစ်ကစားသမားက ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သလို ရွှေလက်အိတ်ဆုရှင်လည်း ဖြစ်ခဲ့ဖူးပါတယ်။

Instagram လူမှုကွန်ရက်စာမျက်နှာမှတဆင့် နူအာက “ ဒီနေ့ဟာ ဂျာမနီလက်ရွေးစင်အသင်းမှာ ကျွန်တော့်ရဲ့အခန်းကဏ္ဍ ပြီးဆုံးသွားတဲ့ နေ့ရက်ပဲ ဖြစ်ပါတယ်။

ကျွန်တော့်ကို သိကြသူတိုင်း ကျွန်တော်ဟာ ဒီဆုံးဖြတ်ချက်ကို ပေါ့ပေါ့တန်တန်ချမှတ်ခဲ့တာမဟုတ်ဘူးဆိုတာ သိကြပါလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကြံ့ခိုင်မှုတွေ အလွန်ကောင်းမွန်နေသေးသလို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကလည်း ကျွန်တော့်ရဲ့စိတ်ကို စွဲဆောင်ထားနိုင်ပါတယ်။

အခုလိုအခြေအနေတွေရှိနေပေမယ့် ကျွန်တော်ကတော့ နိုင်ငံ့လက်ရွေးစင်အသင်းမှာ ကျွန်တော့်ရဲ့အခန်းကဏ္ဍကို အဆုံးသတ်ဖို့ အချိန်တန်ပြီလို့ ယူဆမိတာကြောင့် အခုဆုံးဖြတ်ချက် ချမှတ်ခဲ့တာပါ”လို့ ရေးသားဖော်ပြခဲ့ပါတယ်။

ဂျာမနီဘောလုံးအဖွဲ့ချုပ်ဘက်ကလည်း နူအာဟာ ဘောလုံးသမိုင်းတလျှောက် အကြီးကျယ်ဆုံးဂိုးသမားတွေအနက် တစ်ဦးဖြစ်တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဂျာမန်ဘောလုံးအဖွဲ့ချုပ်ကြေညာချက်မှာ “ စကားလုံးတွေက ခံစားချက်ကို ဖော်ပြဖို့ မလုံလောက်ပါဘူး။ ဒါပေမယ့် ဒီစကားလုံးတွေက နှလုံးသားထဲမှ ထွက်ပေါ်လာတာပါ။ ကျေးဇူးပါ… နူအာရေ။

မင်းရဲ့ထူးခြားပြောင်မြောက်တဲ့ အောင်မြင်မှုတွေအတွက် ဖြစ်ပါတယ်။ ဒါပေမယ့် အထူးသဖြင့်တော့ မင်းရဲ့ရဲဘော်ရဲဘက်စိတ်၊ မင်းရဲ့အာရုံစူးစိုက်ကြိုးစားပေးမှု၊ အသင်းဖော်တွေနဲ့ ကမ္ဘာတစ်ဝန်းဘောလုံးပရိသတ်သန်းပေါင်းများစွာအတွက် မင်းရဲ့လှုံ့ဆော်ပေးမှုတွေကြောင့် အထူးကျေးဇူးတင်မိပါတယ်။

မင်းက ဂိုးသမားတွေရဲ့အခန်းကဏ္ဍကို ပြောင်းလဲပေးခဲ့သူတစ်ဦးပါ။ ဒီအရာကို မင်း ပုံသွင်းပေးနိုင်ခဲ့ပါတယ်။ ဒီအသင်းလိုပါပဲ။ အရန်ဂိုးသမားအဖြစ်၊ ကပ္ပတိန်အဖြစ်၊ စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ် ၊ ကမ္ဘာ့ချန်ပီယံနဲ့ သူငယ်ချင်းတစ်ဦးအဖြစ် ဒီအသင်းဟာ မင်းရဲ့အသင်းပဲ ဖြစ်ပါတယ်။ မင်းကို အမြဲတမ်းအမှတ်ရနေပါလိမ့်မယ်”လို့ ဖော်ပြခဲ့ပါတယ်။

နူအာရဲ့လက်ရွေးစင်ကစားသမားဘဝအနားယူရမှုက ဂမ်ဒိုဂန်ရဲ့လက်ရွေးစင်ကစားသမားဘဝအနားယူမှုအပြီး နှစ်ရက်အကြာမှာပဲ ထွက်ပေါ်လာခဲ့တာပါ။

နူအာက ကလပ်အသင်းကစားသမားဘဝမှာ ဘိုင်ယန်မြူးနစ်နဲ့အတူ ဘွန်ဒက်စ်လီဂါချန်ပီယံဆု ၁၁ ကြိမ်၊ ချန်ပီယံလိဂ်ချန်ပီယံဆုနဲ့ ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုတို့ကို နှစ်ကြိမ်စီ ဆွတ်ခူးထားနိုင်ပါတယ်။

#ဂျာမနီ #နူအာ