ရှေ့သို့
Image

ဆာအိုပေါ်လိုနဲ့ စာချုပ်ဖျက်သိမ်းပြီး ဥရောပသို့ပြန်လာချင်နေတဲ့ ဂျိမ်းစ်

11:05 AM, 22 July

ပြီးခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ကိုလံဘီယာအတွက် ပါဝင်ကစားရင်း ပြိုင်ပွဲတစ်လျှောက် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ယခုအခါမှာတော့ လက်ရှိကလပ် ဆာအိုပေါ်လိုနဲ့ စာချုပ်ဖျက်သိမ်းပြီး ဥရောပသို့ ပြန်လည်ခြေချလိုနေတယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်းဟာ ကိုလီဘီယာကို ကိုပါအမေရိက ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့ပြီး ထိပ်တန်းခြေစွမ်းကို ထိန်းသိမ်းထားနိုင်ဆဲဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။

ဂျိမ်းစ်ဟာ ပြိုင်ပွဲရဲ့အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ရုံသာမက ဂိုးဖန်တီးမှု ၆ ကြိမ်အထိပြုလုပ်နိုင်ခဲ့တာကြောင့် ကိုပါအမေရိကပြိုင်ပွဲတစ်ခုအတွင်း ဂိုးဖန်တီးမှု အကြိမ်ရေအများဆုံးပြုလုပ်နိုင်တဲ့ ကစားသမားအဖြစ်စံချိန်တင်ခဲ့ပါတယ်။ ကိုလံဘီယာနဲ့အတူ တောက်ပခဲ့တဲ့ ဂျိမ်းစ်ဟာ လက်ရှိကလပ် ဆာအိုပေါ်လိုနဲ့ စာချုပ်ဖျက်သိမ်းပြီး ဥရောပသို့ ပြန်လာလိုနေတယ်လို့ ဂျာနယ်လစ် ဂါစီယာဂရိုဗာက ဖော်ပြလာခဲ့တာဖြစ်ပါတယ်။

ဥရောပ ကလပ်အသင်းကြီးတွေအနေနဲ့လည်း ကိုပါအမေရိကပြိုင်ပွဲအတွင်း ပြသခဲ့တဲ့ ဂျိမ်းစ်ရဲ့စွမ်းဆောင်ရည်တွေကြောင့် ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါ့အပြင် အပြောင်းအရွှေ့ကျွမ်းကျင် ဖာဘရီဇီယိုရိုမာနိုကလည်း ဂျိမ်းစ်ဟာ ဥရောပသို့ပြန်လာဖို့ စိတ်အားထက်သန်နေတယ်လို့ ထပ်လောင်းဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ လအနည်းငယ်က ဂျိမ်းစ်ဟာ အသင်းဟောင်း အဲဗာတန်သို့ ပြန်လည်ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။ အဲဗာတန်က ဆိုရှယ်မီဒီယာမှတစ်ဆင့် “အိမ်ပြန်လာခဲ့ပါ ဂျိမ်းစ်”လို့ ရေးသားခဲ့ပြီး ဂျိမ်းစ်ကလည်း “နောက်ဆုံးအနေနဲ့လား” လို့ပြန်လည်ရေးသားခဲ့တာဖြစ်ပါတယ်။

ဂျိမ်းစ်ဟာ ကစားသမားဘဝမှာ ထင်ရှားတဲ့အောင်မြင်မှုတွေကို ရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူဟာ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်နဲ အဲဗာတန်တို့ အပါအဝင် ဥရောပရဲ့ကလပ်အသင်းကြီးတစ်ချို့မှာ ကစားခဲ့ဖူးပါတယ်။ ဂျိမ်းစ်ဟာ ဂိုးဖန်တီးနိုင်စွမ်း၊ ဂိုးသွင်းစွမ်းရည်နဲ့ အကွက်မြင်မှုတွေကြောင့် ကလပ်အသင်းတွေမှာသာမက နိုင်ငံအသင်းမှာပါ အရေးပါတဲ့ကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

ဂျိမ်းစ်ဟာ အသက်-၃၃ နှစ်အရွယ်သာ ရှိသေးတာကြောင့် ဥရောပထိပ်တန်းဘောလုံးလောကမှာ နောက်ထပ်တစ်ကြိမ် ပြန်လည်တောက်ပဖို့ အခွင့်အရေးရှိသေးတယ်လို့ဆိုရမှာဖြစ်ပါတယ်။

#ကိုလံဘီယာ #ကိုပါအေမရိက #ရီစီဂျိမ်းစ်