ရှေ့သို့
Image

ချဲလ်ဆီးရဲ့ ချိတ်ဆက်မှုတွေခံခဲ့ရပြီးနောက် မန်စီးတီးမှာ ပျော်ရွှင်နေတယ်လို့ တုံ့ပြန်လာတဲ့ အယ်လ်ဗာရက်ဇ်

3:27 PM, 11 June

မန်ချက်စတာစီးတီးတိုက်စစ်မှူး ဂျူလီယန်အယ်လ်ဗာရက်ဇ်ဟာ ချဲလ်ဆီးအသင်းရဲ့ ချိတ်ဆက်မှုတွေကြောင့် အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်ထားသော်လည်း ယခုအခါမှာတော့ အီတီဟတ်မှာ ပျော်ရွှင်နေကြောင်း တုံ့ပြန်ပြောဆိုလာခဲ့ပါတယ်။

အယ်လ်ဗာရက်ဇ်ဟာ မန်စီးတီးရဲ့ ကြီးမားတဲ့အောင်မြင်မှုတွေရခဲ့တဲ့ ပြီးခဲ့တဲ့ ၂ နှစ်တာ ကာလအတွင်းမှာ အသင်းအတွက်အရေးပါတဲ့ ကစားသမားအဖြစ် ရပ်တည်ခဲ့ပြီး သွင်းဂိုးတွေနဲ့ အတော်လေးအကူအညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၂-၂၃ ရာသီ မန်စီးတီးရဲ့ သမိုင်းဝင်ဖလား ၃ လုံးအောင်မြင်မှုကို ဆွတ်ခူးရာမှာ အာဂျင်တီးနားသားဟာ ၁၇ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာတော့ ၁၉ ဂိုးအထိ သွင်းယူကာ ၄ ကြိမ်ဆက်ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

အယ်လ်ဗာရက်ဇ်ဟာ အသင်းရဲ့အဓိကတိုက်စစ်မှူး အာလင်းဟာလန်းနောက် ဒုတိယဦးစားပေးတိုက်စစ်မှူးအဖြစ်သာ အသုံးပြုခံနေရပေမယ့် ပြီးခဲ့တဲ့ရာသီက မန်စီးတီးမှာ သူ့ထက် မိနစ်ပိုကစားခွင့်ရခဲ့တဲ့ ကစားသမားဟာ ၇ ဦးသာ ရှိခဲ့ပါတယ်။ ဟာလန်းဟာ မန်စီးတီးအတွက် ၉၈ ပွဲ ကစားထားရာမှာ ဂိုး ၉၀ အထိ သွင်းယူပေးထားတာကြောင့် ပက်ဂွါဒီယိုလာအနေနဲ့ နော်ဝေသားကိုကျော်လွန်ပြီး အယ်လ်ဗာရက်ဇ်ကို ဦးစားပေးကစားသမားအဖြစ် အသုံးပြုဖို့က မဖြစ်နိုင်တဲ့အခြေအနေမှာရှိနေပါတယ်။

ဒါကြောင့် အယ်လ်ဗာရက်ဇ်အနေနဲ့ မန်စီးတီးကနေထွက်ခွာပြီး အခြားထိပ်သီးကလပ်တစ်ခုမှာ နံပါတ် ၁ ဦးစားပေး ကစားသမားအဖြစ် သွားရောက်ကစားလိုနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပေမယ့် ယခုအခါမှာတော့ ကစားသမားက အဆိုပါသတင်းတွေကို ငြင်းဆန်လာခဲ့တာဖြစ်ပါတယ်။ သတင်းတွေအရ အက်သလက်တီကိုက အယ်လ်ဗာရက်ဇ်ကိုခေါ်ယူဖို့ ညှိနှိုင်းခဲ့ပေမယ့် ပျက်ကွက်ခဲ့တာကြောင့် ယခုအခါမှာ ချဲလ်ဆီးက ကမ်းလှမ်းမှုပြုလုပ်ဖို့ကြိုးစားနေတယ်လို့ သိရပါတယ်။

အယ်လ်ဗာရက်ဇ်ကတော့ မန်စီးတီးကနေထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေကို “ကျွန်တော့်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အမျိုးမျိုးသတင်းတွေ ထွက်နေပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ ကျွန်တော် မန်စီးတီးမှာ ကစားရတာ သက်တောင့်သက်သာဖြစ်ပြီး ပျော်လည်းပျော်ပါတယ်။ ဘာတွေဖြစ်လာမလဲ ကျွန်တော်တို့သိရမှာပါ”လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။

သို့သော်လည်း မကြာသေးမီနှစ်တွေမှာ ချဲလ်ဆီးဟာ ကိုးလ်ပယ်မာနဲ့ ရာဟင်စတာလင်တို့ကို ခေါ်ယူပြီး မက်တီယိုကိုဗာဆစ်ကို ပက်ဂွါဒီယိုလာရဲ့အသင်းထံ ရောင်းချခဲ့တာကြောင့် အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး မန်စီးတီးနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေပုံရပါတယ်။ ဒါကြောင့် အခုချိန်မှာတော့ အယ်လ်ဗာရက်ဇ်ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ယတိပြတ်ပြောလို့မရသေးဘဲ မန်စီးတီးနဲ့ ချဲလ်ဆီးတို့အကြား နောက်ထပ်တစ်ကြိမ် အပြောင်းအရွှေ့ပေါ်ပေါက်လာမလား စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်မှာတော့ ချဲလ်ဆီးအသင်းဟာ သူတို့ရဲ့နွေရာသီ ပထမဆုံးခေါ်ယူမှုအဖြစ် ဖူလ်ဟမ်နောက်ခံလူ တိုဆင်အဒါယာဘိုင်အိုယိုကို ခေါ်ယူခဲ့ပါတယ်။ ချဲလ်ဆီးသို့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိပြီးနောက်မှာတော့ အသက်-၂၆ နှစ်အရွယ် နောက်ခံလူက “ချဲလ်ဆီးက အသင်းကြီးတစ်သင်းပါ။ ဒါက ကျွန်တော့်အတွက်တော့ သံသရာတစ်ပတ်လည်တာပါပဲ။ ကျွန်တော်က ချဲလ်ဆီးအိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ချ်နဲ့ ၃ မိုင်အကွာမှာမွေးဖွားလာခဲ့တာပါ။ ပြီးတော့ ကျွန်တော့်ရဲ့ပရော်ဖက်ရှင်ကစားသမားဘဝ ပထမဆုံး ပွဲဦးထွက်ကလည်း အဲဒီမှာပါပဲ။ ကလပ်သွားချင်တဲ့လမ်းကြောင်းကို ကူညီပြီးတွန်းပို့ပေးဖို့ အခုကတည်းက စိတ်လှုပ်ရှားနေပါပြီ”လို့ ပြောကြားခဲ့ပါတယ်။

#မန်စီးတီး #ချဲလ်ဆီး #အယ်လ်ဗာရက် #ပရီးမီးယားလိဂ်