ရှေ့သို့
Image

အာဆင်နယ်အတွက် အမ်ဘာပေကို စည်းရုံးခဲ့ပုံအကြောင်း ထုတ်ဖော်ပြောပြလာတဲ့ အာစင်ဝင်းဂါး

1:49 PM, 11 June

ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အတွက် အမ်ဘာပေကို ခေါ်ယူနိုင်ရေး ကိုယ်တိုင်ကြိုးပမ်းခဲ့ပုံကို အာစင်ဝင်းဂါးက ထုတ်ဖော်ပြောပြလာပြီး ပြင်သစ်ကြယ်ပွင့်ရဲ့ ဂန်းနားတွေအပေါ် ငြင်းပယ်ခဲ့တဲ့ အကြောင်းပြချက်ကိုလည်း ရှင်းပြလိုက်ပါတယ်။

ဝင်းဂါးက အမ်ဘာပေရဲ့မိဘတွေဆီ ကိုယ်တိုင်သွားရောက်ပြီး အာဆင်နယ်အတွက် မိုနာကို,ကို စွန့်လွှတ်သွားဖို့ စည်းရုံးနားချခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အမ်ဘာပေရဲ့မိသားစုက လီဗာပူး၊ ရီးရဲလ်မက်ဒရစ်တို့ရဲ့စိတ်ဝင်စားမှုနဲ့အတူ ပြင်သစ်ကလပ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အမ်ဘာပေဆီ အာဆင်နယ်ရဲ့ချဉ်းကပ်မှုတွေက ၂၀၁၆ ခုနှစ်ဝန်းကျင်ပိုင်းမှာ ဖြစ်နိုင်ပြီး အဲ့ဒီကာလတွေမှာ အသက်-၁၇ နှစ်သာ ရှိသေးတဲ့ ကစားသမားလေးက မိုနာကိုနဲ့အတူ စီနီယာအဆင့်ပွဲစဉ်တွေကို ပါဝင်ကစားခဲ့ရပါတယ်။ နောက်နှစ်မှာတော့ ၂၀၁၄ ခုနှစ်လောက်က အာဆင်နယ်ရဲ့အဝါရောင်ဂျာစီအင်္ကျီ ဝတ်ဆင်ထားတဲ့ အမ်ဘာပေရဲ့ငယ်ဘဝဓါတ်ပုံတွေ အင်တာနက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီနှစ်နှောင်းပိုင်းမှာပဲ အမ်ဘာပေက ပီအက်စ်ဂျီဆီ ယူရိုသန်း ၁၈၀ တန် အပြီးသတ်ဝယ်ယူခွင့်ပါဝင်တဲ့ သဘောတူညီမှုဖြင့် အငှားပြောင်းရွှေ့သွားခဲ့ပါတယ်။ အခုလအစောပိုင်း၊ ရီးရဲလ်မက်ဒရစ်က အမ်ဘာပေရဲ့ရောက်ရှိလာမှုကို တရားဝင်ကြေညာခဲ့ချိန်မှာ ဘောလုံးလောကရဲ့အဆိုးဝါးဆုံးလျှို့ဝှက်ချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

ပြင်သစ်ရုပ်သံသတင်းဌာန TF1 နဲ့တွေ့ဆုံချိန် အာစင်ဝင်းဂါးက “ဒါက ဘောလုံးနဲ့သက်ဆိုင်တဲ့ ထိုးနှက်ချက်တစ်ခုဖြစ်ပြီး သိသာထင်ရှားတဲ့ အချက်တစ်ခုလည်း ဖြစ်ပါတယ်။ အာဆင်နယ်ဂျာစီအင်္ကျီဝတ်ဆင်ထားတဲ့ အမ်ဘာပေရဲ့ဓါတ်ပုံကို မြင်တွေ့ရခြင်းက ကျွန်တော့်ရဲ့အသည်းနှလုံးကို အနည်းငယ်နာကျင်စေပါတယ်။ သူ့မိဘတွေဆီ ကျွန်တော်ကိုယ်တိုင်သွားပြီး စည်းရုံးဖို့ ကြိုးစားခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်တုန်းက သူ အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်နေခဲ့ပါတယ်။ လူတွေကလည်း မိုနာကိုမှာ သူ့ရဲ့လက်မှတ်ရရှိဖို့ လှုပ်ရှားမှုတွေ စတင်လာချိန်လည်း ဖြစ်ပါတယ်။ အသက်မွေးဝမ်းကြောင်းလုပ်ငန်းစတင်ချိန်မှာ ဖိအားတွေ သိပ်မရှိတာ ကောင်းပါတယ်။ အမ်ဘာပေရဲ့မိဘတွေကလည်း အာဆင်နယ်၊ လီဗာပူး၊ ရီးရဲလ်မက်ဒရစ်ထက် မိုနာကိုမှာ ဆက်ကစားတာ လူငယ်လေးအတွက် ပိုမိုလွယ်ကူစေလိမ့်မယ်လို့ အကြံပေးရင်း ဒီကိစ္စကို ဆက်ဆွဲထားဖို့ သူတို့တွေ သိမ်းသွင်းနိုင်ခဲ့ပါတယ်။ အမ်ဘာပေရဲ့မိဘတွေဟာ အကောင်းဆုံအကြံဉာဏ်တွေပေးခဲ့ပြီး အမ်ဘာပေကိုယ်တိုင်လည်း မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့တယ်လို့ပဲ ကျွန်တော်တို့ ပြောရပါလိမ့်မယ်”လို့ ဆိုပါတယ်။

လက်ရှိမှာ အမ်ဘာပေက ကမ္ဘာ့ဖလားဆုရှင်ဖြစ်ခဲ့သလို လာမယ့်သီတင်းပတ်တွေ အတွင်းမှာလည်း ပြင်သစ်ကို ဦးဆောင်မယ့် ကပ္ပတိန်အဖြစ် ဥရောပချန်ပီယံရှစ်အောင်ပွဲ ရရှိဖို့ ကြိုးစားသွားပါလိမ့်မယ်။ သူတို့ရဲ့ယူရို-၂၀၂၄ ခရီးစဉ်က ဇွန် ၁၇ ရက်၊ သြစတြီးယားနဲ့ပွဲစဉ်မှာ စတင်သွားရပါလိမ့်မယ်။ ပြင်သစ်အိုလံပစ်အသင်းကိုလည်း ကိုယ်စားပြုချင်တဲ့ သူ့ရဲ့ဆန္ဒကို ရီးရဲလ်မက်ဒရစ်ဘက်က ပယ်ချခဲ့ပြီးနောက် နိုင်ငံတကာအဆင့်နွေရာသီ ဘောလုံးစီးရီးကြီး ဆင်နွှဲရမယ့်အခွင့်အရေးကို အမ်ဘာပေ လက်လွှတ်ခဲ့ရပါတယ်။

#အာဆင်နယ် #အာစင်ဝင်းဂါး #ပရီးမီးယားလိဂ် #အမ်ဘာပေ