ရှေ့သို့
Image

စပိန်၊ ပြင်သစ်နဲ့ ဘယ်လ်ဂျီယံတို့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ယူရိုအကြို ခြေစမ်းပွဲစဉ်များ

10:01 AM, 6 June

ယနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲအကြို ခြေစမ်းပွဲစဉ်တွေမှာ အသင်းကြီးတွေဖြစ်တဲ့ စပိန်၊ ပြင်သစ်နဲ့ ဘယ်လ်ဂျီယံတို့က ဂိုးပြတ်နိုင်ပွဲတွေကိုယ်စီ ဖော်ဆောင်ပြီး ပြိုင်ပွဲမတိုင်ခင်မှာ စိတ်ဓာတ်ပိုင်းကို မြှင့်တင်လာခဲ့ပါတယ်။

နာမည်ကြီးစပိန်အသင်းဟာ အန်ဒိုရာနဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး လူစားဝင်ကစားသမား မီခေးလ်အိုယာဇာဘယ်ရဲ့ဟက်ထရစ်နဲ့အတူ ၅-၀ ဆိုတဲ့ ရလဒ်ကို ပုံဖော်နိုင်ခဲ့တာဖြစ်ပါတယ်။ စပိန်အသင်းဟာ ပထမပိုင်းမှာတော့ ဂိုးရဖို့ရုန်းကန်နေခဲ့ရပြီး ပီရက်ဇ်ရဲ့ ဦးဆောင်ဂိုးတစ်ဂိုးကိုသာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း လူစားပြောင်းလဲမှုတွေပြုလုပ်ပြီး တိုက်စစ်အားကောင်းလာတဲ့စပိန်ကို နောက်ပိုင်းမှာတော့ အန်ဒိုရာတို့ လုံးဝထိန်းချုပ်နိုင်ခဲ့ခြင်းမရှိဘဲ ဆက်တိုက်ဆိုသလို ဂိုးတွေခွင့်ပြုခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ စပိန်အတွက် အနိုင်ဂိုးတွေကို လူစားဝင်ကစားသမား အိုယာဇာဘယ် (၅၃ မိနစ်၊ ၆၆ မိနစ်၊ ၇၃ မိနစ်) နဲ့ ဖာရန်းတောရက်စ်(၈၁ မိနစ်) တို့ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ယခု သီတင်းပတ်အကုန် ခြေစမ်းပွဲကိုတော့ လူးဝစ်ဒီလာဖူရန်တီရဲ့အသင်းဟာ မြောက်အိုင်ယာလန်နဲ့ ကစားသွားရမှာဖြစ်ပါတယ်။ နောက်ထပ်ပွဲစဉ်တစ်ပွဲမှာတော့ ပြင်သစ်အသင်းက စူပါစတား အမ်ဘာပေရဲ့ သွင်းဂိုးအပါအဝင် လူဇင်ဘတ်ကို ၃-၀ ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့ပါတယ်။

အမ်ဘာပေရဲ့ဦးဆောင်မှုနဲ့အတူ ယခုနှစ် ယူရိုပြိုင်ပွဲအတွက် အကောင်းဆုံးပြင်ဆင်နေတဲ့ ပြင်သစ်အသင်းဟာ တိုက်စစ်ပိုင်းအစွမ်းပြပြီး ဂိုးပြတ်နိုင်ပွဲတစ်ခုကို ဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းမှာတော့ ပြင်သစ်တို့ ဂိုးရဖို့ရုန်းကန်ခဲ့ရပြီး တိုက်စစ်မှူး ရန်ဒန်ကိုလိုမူအာနီရဲ့ သွင်းဂိုးကြောင့်သာ ၁-၀ ဆိုတဲ့ရလဒ်နဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ ကလော့စ်နဲ့ အမ်ဘာပေတို့က တစ်ဂိုးစီထပ်မံသွင်းယူနိုင်ခဲ့တာဖြစ်ပြီး လူဇင်ဘတ်ကတော့ ပြင်သစ်ရဲ့နောက်တန်းကို ကျော်ဖြတ်ပြီး ဂိုးသွင်းနိုင်ဖို့ မတတ်နိုင်ခဲ့ပါဘူး။ ဒီပွဲမှာ အမ်ဘာပေဟာ သွင်းဂို ၂ ဂိုးဖန်တီးပြီး ၁ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ထူးချွန်တဲ့ခြေစွမ်းကို ပြသနိုင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အနေနဲ့ သူတို့ရဲ့ကစားသမားသစ်ကို အသင်းအတွက် အသုံးပြုနိုင်ဖို့ စောင့်မျှော်နေပြီဖြစ်ပါတယ်။

နောက်ထပ်ခြေစမ်းပွဲတစ်ပွဲမှာလည်း ဒီဘရိုင်းဦးဆောင်တဲ့ဘယ်လ်ဂျီယံက မွန်တီနီဂရိုးကို ၂-၀ ဆိုတဲ့ရလဒ်နဲ့အတူ သက်တောင့်သက်သာ နိုင်ပွဲတစ်ပွဲကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံက ဘောလုံးကိုင်ကစားကာ တစ်ပွဲလုံးချုပ်ကိုင်ထားခဲ့တာကြောင့် မွန်တီနီဂရိုးအနေနဲ့ အခွင့်အရေး အများအပြားမရခဲ့ဘဲ အဝေးကွင်းမှာ လက်မြှောက်အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။

အသင်းခေါင်းဆောင် ဒီဘရိုင်းအနေနဲ့လည်း သူ့ရဲ့ နိုင်ငံ့လက်ရွေးစင်ကစားသမားဘဝ ပွဲ ၁၀၀ မြောက်မှာ ဂိုးရရှိခဲ့ပြီး ပထမပိုင်းပြီးကာနီးမှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ ဘယ်လ်ဂျီယံက အခွင့်အရေးတွေကိုအသုံးမချနိုင်ခဲ့တာကြောင့် ဂိုးထပ်ရဖို့ ရုန်းကန်ခဲ့ရပြီး ပွဲပြီးကာနီးအချိန်ပိုမှ လီအန်ဒရိုထရိုဆက်က ပင်နယ်တီကနေတစ်ဆင့် အနိုင်ပြတ်သားစေမယ့်သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

#ပြင်သစ် #စပိန် #ဘယ်လ်ဂျီယံ #ခြေစမ်းပွဲ