ရှေ့သို့
Image

ပေါ်တူဂီက ဖင်လန်ကို အနိုင်ရခဲ့ပေမယ့် တူရကီကို သရေကျခဲ့တဲ့ အီတလီ

9:29 AM, 5 June

ယနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၂၄ ယူရိုအကြိုခြေစမ်းပွဲစဉ်တွေမှာ ပေါ်တူဂီနဲ့ အိုင်ယာလန်တို့က ဖင်လန်နဲ့ ဟန်ဂေရီတို့ကို အသီးသီး အနိုင်ရခဲ့ပေမယ့် လက်ရှိချန်ပီယံ အီတလီကတော့ တူရကီသရေရလဒ်သာ ယူနိုင်ခဲ့ပါတယ်။ ချန်ပီယံဆိုတဲ့ဂုဏ်ပုဒ်ကို ကာကွယ်သွားမယ့် အီတလီလာ ပြိုင်ပွဲမတိုင်ခင်မှာ အပြုသဘောဆောင်တဲ့ရလဒ်တွေကို ပုံဖော်နိုင်ဖို့ လိုအပ်နေပေမယ့် ခပ်ကြမ်းကြမ်းကစားတတ်တဲ့ တူရကီကိုတော့ အနိုင်ယူဖို့ ရုန်းကန်ခဲ့ရပါတယ်။

ယခုပွဲစဉ်မှာ ၂ သင်းစလုံးကို ဂိုးပေါက်ခြိမ်းခြောက်မှုတွေ မယ်မယ်ရရပြုလုပ်နိုင်ခဲ့ခြင်းမရှိတာကြောင့် ပွဲအပြီးမှာတော့ ၀-၀ ဆိုတဲ့ သရေ ရလဒ်သာ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အီတလီအနေနဲ့ နောက်ဆုံးကျန်ရှိတဲ့ ဘော့စနီးယားနဲ့ ခြေစမ်းပွဲစဉ်မှာတော့ ရလဒ်ကောင်းတစ်ခုကို မဖြစ်မနေယူသွားပြီး ယူရိုအတွက် စိတ်ဓာတ်မြှင့်တင်သွားဖို့လိုအပ်နေပြီဖြစ်ပါတယ်။

နောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အိုင်ယာလန်နဲ့ ဟန်ဂေရီတို့ ပွဲစဉ်မှာတော့ မထင်မှတ်ထားတဲ့ရလဒ်တစ်ခုကို မြင်တွေ့ခဲ့ရပြီး အိုင်ယာလန်တို့ နိုင်ပွဲ ရယူသွားနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ အိမ်ရှင်တို့ အခွင့်အရေး အများအပြားမဖန်တီးနိုင်ခဲ့ပေမယ့် ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး ပွဲကစားချိန် ၃၆ မိနစ်မှာ ကွင်းလယ်လူ ဝီလ်စမောဘုန်းရဲ့ ပေးပို့မှုမှတစ်ဆင့် တိုက်စစ်မှူး အီဒါက အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း ၅ မိနစ်အကြာမှာပဲ ဟန်ဂေရီက ချေပဂိုးပြန်လည် ရရှိခဲ့ပြီး နောက်ခံလူ လန်းက ရလာတဲ့အခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင်အသုံးချခဲ့တာဖြစ်ပါတယ်။ တစ်ဖက်တစ်ဂိုးစီ သရေ ရလဒ်ထွက်ပေါ်ပြီးနောက် ဒုတိယပိုင်းမှာတော့ ပွဲကအကြိတ်အနယ်ရှိခဲ့ပြီး ပွဲပြီးကာနီး ၉၀+၂ မိနစ်မှာတော့ တိုက်စစ်မှူး ထရွိုင်ပဲရော့က အိုင်ယာလန်အတွက် အနိုင်ဂိုးကို သွင်းယူခဲ့တာကြောင့် ဟန်ဂေရီတို့ ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။

နောက်ထပ်ပွဲစဉ်မှာတော့ ရော်နယ်ဒိုရဲ့ပေါ်တူဂီက ထုံးစံအတိုင်း တိုက်စစ်အစွမ်းပြပြီး ဂိုးပြတ်နိုင်ပွဲတစ်ခုကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ပွဲအစမှာတော့ ပေါ်တူဂီတို့ ဘောလုံးထိန်းသိမ်းနိုင်စွမ်းမရှိလို့ ကစားပုံဆိုးရွားခဲ့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ အသားကျလာပြီး ၁၇ မိနစ်မှာပဲ နောက်ခံလူ ဒီယက်စ်က ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ထို့နောက် ပထမပိုင်းပြီးကာနီးမှာ ပေါ်တူဂီက ပင်နယ်တီပြစ်ဒဏ်ဘော ရရှိခဲ့ပြီး ဂျိုတာက အမှားအယွင်းမရှိကန်သွင်းနိုင်ခဲ့တာကြောင့် ၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ ပေါ်တူဂီနည်းပြ မာတီနက်ဇ်က လူစားပြောင်းလဲမှုတွေ ပြုလုပ်ခဲ့တာကြောင့် တိုက်စစ်ကပိုသွက်လာခဲ့ပြီး ၅၆ မိနစ်မှာ ဘရူနိုဖာနန်ဒက်စ်က တတိယမြောက်ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ၃ ဂိုးအထိ သွင်းခံထားရပေမယ့် ဖန်လန်ကလည်း စိတ်ဓာတ်ကျဆင်းသွားခြင်းမရှိဘဲ ကြံ့ကြံ့ခံရင်ဆိုင်ခဲ့တာကြောင့် ချေပဂိုး ၂ ဂိုးအထိပြန်လည်ရရှိခဲ့ပြီး ၇၂ မိနစ်နဲ့ ၇၆ မိနစ်တွေမှာ ပွတ်ကီက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း ပွဲပြီးကာနီး ၈၄ မိနစ်မှာတော့ ပေါ်တူဂီအတွက် အနိုင်သေချာစေမယ့်ဂိုးကို ဖာနန်ဒက်စ်ကပဲ ဆက်လက်သွင်းယူခဲ့တာကြောင့် ၄-၂ နဲ့ပွဲပြီးဆုံးခဲ့ပါတယ်။

#အီတလီ #တူရကီ #ပေါ်တူဂီ #ဖင်လန် #ခြေစမ်းပွဲ