ရှေ့သို့
Image

အင်္ဂလန်အတွက် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ရာသီကုန်မှာ အနားရခဲ့တာက သူ့အတွက် အထောက်အကူဖြစ်ခဲ့တယ်လို့ ဆိုလာတဲ့ ဟယ်ရီကိန်း

12:45 PM, 4 June

အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဟယ်ရီကိန်းက ယနေ့နံနက်က ဘော့စနီးယားနဲ့ ပွဲစဉ်မှာ အသင်းအတွက် တတိယအနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက် ပွဲအပြီးမှာတော့ သူ့ရဲ့နောက်ကျောဒဏ်ရာပြဿနာက အနားရစေဖို့ အထောက်အကူဖြစ်ခဲ့တယ်လို့ ပြောကြားလာခဲ့ပါတယ်။

ဂါရတ်ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းဟာ လာမယ့်နွေရာသီ ဂျာမနီမှာကျင်းပမယ့် ၂၀၂၄ ယူရိုပြိုင်ပွဲ မတိုင်ခင်မှာ ပထမဆုံးခြေစမ်းပွဲစဉ်အဖြစ် ဘော့စနီးယားနဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ပွဲကစားချိန် ၆၁ မိနစ်မှာ လူစားဝင်ရောက်လာတဲ့ အသင်းခေါင်းဆောင် ဟယ်ရီကိန်းရဲ့နောက်ကျသွင်းဂိုးအပါအဝင် ကိုးလ်ပယ်မာ၊ အလက်ဇန်းဒါးအာနိုးလ်တို့ရဲ့သွင်းဂိုးတွေနဲ့အတူ ၃-၀ နဲ့အနိုင်ရခဲ့ပါတယ်။

ယခုပွဲစဉ်ဟာ ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့က ရီးရဲလ်မက်ဒရစ်ကို ၂-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒဏ်ရာရခဲ့တဲ့ ဘိုင်ယန်မြူးနစ်ကြယ်ပွင့် ဟယ်ရီကိန်းအတွက် ပထမဆုံး ပါဝင်ကစားခွင့်ရခဲ့တဲ့ ပွဲစဉ်လည်းဖြစ်လာခဲ့ပါတယ်။ တိုက်စစ်မှူးဟာ နောက်ကျောဒဏ်ရာကြောင့် ဘိုင်ယန်မြူးနစ်ရဲ့ ဘွန်ဒက်စ်လီဂါရာသီပိတ်ပွဲစဉ် ၂ ပွဲကိုလွဲချော်ခဲ့ပေမယ့် အခုချိန်မှာတော့ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝနေပြီဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ကိန်းက “ကျွန်တော်နေလို့ကောင်းပါတယ်။ ရာသီကုန်တုန်းက အနားယူခဲ့ရတာတွေက ကြိုတင်ကာကွယ်မှုသက်သက်ပါပဲ။ ရာသီကုန်မှာ နောက်ကျောဒဏ်ရာကြောင့် အနားယူခဲ့ရတာက ကောင်းမွန်တဲ့ အခွင့်အရေးတစ်ခုပါပဲ။ လာမယ့် သောကြောနေ့ အိုက်စ်လန်နဲ့ပွဲစဉ်မှာလည်း မိနစ်အချို့ ပါဝင်ကစားနိုင်မယ်လို့ထင်ပါတယ်။ ကျွန်တော်က ခြေစွမ်းပြဖို့အတွက် အချိန်အကြာကြီးယူရတဲ့ ကစားသမားမျိုးမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

လာမယ့်ဇွန်လ ၇ ရက်နေ့မှာတော့ အိုက်စလန်ဟာ ဂါရတ်ဆောက်ဂိတ်ရဲ့အသင်းနဲ့ ခြေစမ်းဖို့ ဝင်ဘာလေကွင်းကို လာရောက်မှာဖြစ်ပြီး အဆိုပါပွဲစဉ်အပြီးမှာတော့ အင်္ဂလန်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် ဂျာမနီကို ထွက်ခွာသွားမှာဖြစ်ပါတယ်။ ဘော့စနီးယားနဲ့ပွဲစဉ်မှာ အပြောင်းအလဲအချို့ကို သိသိသာသာပြုလုပ်ခဲ့ပေမယ့် အင်္ဂလန်ဟာ နိုင်ပွဲကို သက်တောင့်သက်သာပဲ ဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဂါရတ်ဆောက်ဂိတ်ရဲ့အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ပထမဆုံးပွဲစဉ်ကို ဇွန်လ ၁၆ ရက်နေ့မှာ ဆာဘီးယားနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ပြိုင်ပွဲမတိုင်ခင်မှာ လက်ရှိပဏာမလူစာရင်းထဲက ကစားသမား ၇ ဦးကို ပယ်ထုတ်ဖို့လိုအပ်နေပါတယ်။ အသင်းရဲ့ကွင်းလယ်ကြယ်ပွင့် ဂျုဒ်ဘယ်လင်ဟမ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားခဲ့ရတာကြောင့် ပူးပေါင်းနိုင်ခြင်းမရှိသေးသလို၊ ဘူကာယိုဆာကာ၊ အန်တိုနီဂေါ်ဒွန်၊ ဟယ်ရီမက်ဂွါရီနဲ့ ဂျွန်စတုန်းစ်တို့ကလည်း ကြံ့ခိုင်ရေးတည်ဆောက်နေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘော့စနီးယားနဲ့ပွဲစဉ်မှာ ဒီကလန်ရိုက်စ်ဟာ အရန်ခုံထိုင်နေခဲ့ရသလို ဖီးလ်ဖိုဒန်ကတော့ ကစားသမားစာရင်းထဲမှာတောင် မပါဝင်ခဲ့ပါဘူး။

#အင်္ဂလန် #ဟယ်ရီကိန်း #ဘော့စနီးယား