ရှေ့သို့
Image

ဘော့စနီးယားနဲ့ ပွဲစဉ်အတွက် အင်္ဂလန်အသင်းကို ဦးဆောင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ ထရစ်ပီယာ

3:39 PM, 3 June

နယူးကာဆယ်ကြယ်ပွင့် ကီရန်ထရစ်ပီယာဟာ ဒဏ်ရာပြဿနာကြောင့် အင်္ဂလန်အသင်း လူစာရင်းကနေ ထွက်ခွာခဲ့တယ်လို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပေမယ့် အင်္ဂါနေ့မနက်မှာ ခြေစမ်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားမယ့် ဘော့စနီးယားနဲ့ပွဲစဉ်မှာ အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်နိုင်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။

အသက်-၃၃ နှစ် အရွယ်ပြီဖြစ်တဲ့ ထရစ်ပီယာဟာ နယူးကာဆယ်မှာ ညာနောက်ခံကစားသမားအဖြစ် ခြေစွမ်းပြသထားနိုင်သော်လည်း အင်္ဂလန်အသင်းမှာတော့ လုခ်ရှော မပါဝင်နိုင်တာကြောင့် ဘယ်နောက်ခံနေရာကို တာဝန်ယူသွားမှာဖြစ်ပါတယ်။ ထရစ်ပီယာဟာ ခြေသလုံးဒဏ်ရာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ပွဲချန်ပြည့်ကစားဖို့ လွဲချော်ခဲ့တာဖြစ်ပြီး ရာသီကုန် တော့တင်ဟမ်နဲ့ခြေစမ်းခဲ့တဲ့ ပွဲစဉ်မှာတော့ ပွဲထွက်ကစားသမားအဖြစ်ပါဝင်ခဲ့ပြီး ၃၆ မိနစ်မှာ လူစားလဲခံခဲ့ရပါတယ်။

ထရစ်ပီယာက “လူတွေက ကျွန်တော့်ကို အင်္ဂလန်အသင်းကနေ ထွက်ခွာပြီလားလို့ မက်ဆေ့တွေပို့ကြပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ မထွက်ခဲ့ပါဘူး။ အစီအစဉ်အတိုင်းပဲသွားမှာပါ။ ကျွန်တော် လေ့ကျင့်ရေးမဆင်းနိုင်ခဲ့တာ ၃ လအထိ ကြာမြင့်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်က တစ်ပတ်အတွင်း ၃ ပွဲအထိ ကစားခဲ့ရလို့ ကြံ့ခိုင်ရေးလည်းအတော်အားနည်းနေခဲ့တာပါ။ တော့တင်ဟမ်နဲ့ပွဲမှာ ကျွန်တော်က ဆွန်ဟောင်မင်ကို ထိန်းခဲ့ရပြီး နည်းပြကလည်း ကျွန်တော့်အနေနဲ့ မိနစ် ၁၂၀ အထိမကစားနိုင်မှန်းသိလို့ စောစောစီးစီးလူစားလဲခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ထရစ်ပီယာက မတ်လ ၂ ရက်နေ့က ဝုဗ်နဲ့ပွဲစဉ်မှာ ရခဲ့တဲ့ဒဏ်ရာအတွက် စိုးရိမ်မိကြောင်းဝန်ခံခဲ့ပြီး အခုချိန်မှာတော့ အင်္ဂလန်အသင်းအတွက် အဆင်သင့်ဖြစ်နေကြောင်း ပြောကြားခဲ့ပါတယ်။ နောက်ခံလူက “အခုတော့ ဒဏ်ရာပြဿနာမရှိတော့ပါဘူး။ ကျွန်တော် အသင်းအတွက် ခရီးတွေသွားပြီး ပွဲစဉ်တွေကစားခဲ့ပါတယ်။ အခုတော့ အင်္ဂလန်နဲ့အတူရှိနေပြီး ပွဲထွက်ကစားဖို့ အဆင်သင့်ဖြစ်နေပါပြီ” လို့ပြောကြားခဲ့ပါတယ်။

ထရစ်ပီယာဟာ ၂၀၁၈ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်နဲ့ ၂၀၂၀ ယူရိုဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့တဲ့ အင်္ဂလန်အသင်း လူစာရင်းတွေမှာ ပါဝင်ထားနိုင်ခဲ့ပါတယ်။ လာမယ့်နွေရာသီမှာတော့ ဂါရတ်ဆောက်ဂိတ်ရဲ့အသင်းနဲ့ ထရစ်ပီယာတို့ဟာ နှစ်ပေါင်း ၆၈ နှစ်ကြာ ဝေးကွာနေတဲ့ အဓိကဆုဖလားတစ်လုံးကို ဆွတ်ခူးနိုင်ဖို့အတွက် ဂျာမနီကို ခရီးထွက်ခွာသွားတော့မှာဖြစ်ပါတယ်။

ဆက်လက်ပြီး ဒီနှစ်ဟာ အင်္ဂလန်ရဲ့နှစ်ဖြစ်လာမလားလို့ မေးမြန်းခဲ့ရာ ထရစ်ပီယာက “ဒါက ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ပါပဲ။ ကျွန်တော်တို့ ပြိုင်ပွဲတိုင်းမှာ အနိုင်ရချင်ပါတယ်။ ကျွန်တော်တို့ လုပ်နိုင်တယ်လို့လည်းယုံကြည်ပါတယ်။ ဒါက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီးပြောနေတာမျိုး မဟုတ်ပါဘူး။ နွေရာသီမှာ ရလဒ်ကောင်းကို ပုံဖော်နိုင်ဖို့မျှော်လင့်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။

#အင်္ဂလန် #နယူးကာဆယ် #ဘော့စနီးယား #ထရစ်ပီယာ #ခြေစမ်းပွဲ