ရှေ့သို့
Image

ယူကရိန်းနဲ့ ခြေစမ်းပွဲမှာ နူအာနဲ့ ဝယ်လ်ဒီမာအန်တွန်တို့ ပွဲထွက်လာမယ်လို့ အတည်ပြုပေးလိုက်တဲ့ နာဂယ်စ်မန်း

12:48 PM, 3 June

ယနေ့ညပိုင်း၊ ယူကရိန်းနဲ့ ရင်ဆိုင်ရမယ့် ခြေစမ်းပွဲစဉ်မှာ ဂျာမနီလက်ရွေးစင်အသင်းအတွက် နူအာနဲ့ ဝယ်လ်ဒီမာအန်တွန်တို့ ပွဲထွက်ပါဝင်ကစားပေးလိမ့်မယ်လို့ နည်းပြနာဂယ်စ်မန်းက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အတည်ပြုပြောကြားလိုက်ပါတယ်။

ဝါရင့်ဂိုးသမားနူအာရဲ့ ပွဲထွက်ခွင့်နဲ့ပတ်သက်လို့ နာဂယ်စ်မန်းက “ ယူကရိန်းနဲ့ပွဲစဉ်မှာ နူအာပါဝင်ကစားပါလိမ့်မယ်။ သူက အားရစရာအခြေအနေမျိုးတစ်ခုအထိ လုပ်ဆောင်ထားနိုင်ပါတယ်။ မှန်ပါတယ်၊ နူအာခံစားခဲ့ရတဲ့ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ဖျားနာမှုတစ်ခုက မောပန်းနွမ်းနယ်စေပါတယ်။ ဒါပေမယ့် သူက ရက်အနည်းငယ်အကြာမှာပဲ သက်သာလာပါပြီ။ ပွဲထွက်ကစားသမားစာရင်းနဲ့ပတ်သက်လို့ အရာရာတိုင်းကို ကျွန်တော် ထုတ်မပြောလိုပါဘူး။ ကျွန်တော်တို့အတူ ပွဲနည်းနည်းလောက်တောင် မကစားရသေးပါဘူး။ ကျွန်တော်တို့အတွက် အသင်းလိုက်ဟန်ချက်ညီမှုအချို့ လိုအပ်နေဆဲပါပဲ”လို့ ပြောပါတယ်။

နူအာက နှင်းလျှောစီးမတော်တဆမှုဖြစ်စဉ်ကြောင့် ခြေထောက်ရိုးကျိုးသွားလို့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကာလနောက်ပိုင်း ဂျာမနီလက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်း မရှိပါဘူး။ ဒီကာလတွေအတွင်း ဘာစီလိုနာအသင်း ဂိုးသမား တာစတီဂန်က အသင်းအတွက် ပါဝင်ကစားပေးကာ စွမ်းဆောင်ရည်ကောင်းအချို့ ပြသနိုင်ခဲ့ပါတယ်။ လာမယ့်နွေရာသီကာလ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲကြီးမှာ ဂျာမနီအသင်းရဲ့ ဗဟိုခံစစ်အတွဲအဖြစ် ဂျိုနသန်တာနဲ့ ရူဒီဂါတို့ ဖြစ်လာလိမ့်မယ်လို့ သုံးသပ်ခဲ့ဖူးကြပါတယ်။ လတ်တလောမှာ ရူဒီဂါက ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ်အောင်ပွဲဆင်နွှဲနေခဲ့လို့ အသင်းနဲ့ မပူးပေါင်းနိုင်သေးပါဘူး။ ဒါကြောင့် ဒီညပွဲစဉ်အတွက် သူ့ရဲ့နေရာမှာ စတုဂတ်နောက်ခံလူ ဝယ်လ်ဒီမာအန်တွန် ပါဝင်ကစားပါလိမ့်မယ်။

နာဂယ်စ်မန်းက “ အခုညပိုင်းပွဲစဉ်အတွက် ဂျိုနသန်တာနဲ့အတူ ဝယ်လ်ဒီမာအန်တွန် ပွဲထွက်လာပါလိမ့်မယ်။ သူက စတုဂတ်နဲ့အတူ လက်ဖျားခါလောက်စရာကောင်းတဲ့ ဘောလုံးရာသီတစ်ခု ပိုင်ဆိုင်ခဲ့ပါတယ်”လို့ ဆိုပါတယ်။

ဂျာမနီလက်ရွေးစင်အသင်းက ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် ပြင်ဆင်မှုစတင်ခြင်းအဖြစ် ဒီည၊ နူရင်ဘတ်မှာ ယူကရိန်းနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်ကစားပါမယ်။ ဒီနှစ်သင်းက ပြီးခဲ့တဲ့နှစ်၊ ဘရီမင်မြို့မှာ နောက်ဆုံးအကြိမ်ယှဉ်ပြိုင်ကစားခဲ့ဖူးပြီး တစ်ဖက်သုံးဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဆက်လက်ပြီး ဂျာမနီအသင်းက မြူးနစ်မြို့၊ စကော့တလန်နဲ့ ရင်ဆိုင်ရမယ့် ယူရိုအုပ်စုအဖွင့်ပွဲစဉ်မတိုင်ခင် ရက်သတ္တပတ်တစ်ပတ်အလို အခုသီတင်းပတ်နှောင်းပိုင်း၊ မိုချန်ဂလတ်ဘတ်မြို့မှာ ဂရိနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရပါမယ်။

#ဂျာမနီ #ယူကရိန်း #နာဂယ်စ်မန်း #ခြေစမ်းပွဲ