ရှေ့သို့
Image

လက်ရှိအင်္ဂလန်လက်ရွေးစင်အသင်း ဒဏ်ရာအခြေအနေနဲ့ပတ်သက်လို့ ထုတ်ပြောလာတဲ့ ဆောက်ဂိတ်

10:17 AM, 3 June

ဒီည၊ ဘော့စနီးယားနဲ့ကစားရမယ့် ခြေစမ်းပွဲစဉ်မတိုင်ခင် အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဂါရတ်ဆောက်ဂိတ်က အသင်းရဲ့ လတ်တလောဒဏ်ရာရ ကစားသမားအခြေအနေကို ရှင်းလင်းပြောဆိုလိုက်ပါတယ်။

ဥရောပချန်ပီယံရှစ်ပြိုင်ပွဲကြီးစတင်ဖို့ သီတင်းနှစ်ပတ်ပင် မလိုအပ်တော့ချိန်မှာ ပရိသတ်တွေကတော့ ဒီပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် အင်္ဂလန်အသင်း လူစာရင်းရဲ့လတ်တလောကြံ့ခိုင်မှုပိုင်းအခြေအနေအပေါ် အာရုံစိုက်လာကြပါလိမ့်မယ်။ ဘောလုံးရာသီတစ်ခုပြီးဆုံးချိန်ကာလဖြစ်လို့ နိုင်ငံ့လက်ရွေးစင်အသင်းတွေက ဒဏ်ရာပြဿနာများစွာနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီလိုပဲ အင်္ဂလန်လက်ရွေးစင်အသင်းလည်း ကစားသမားတွေ ကြံ့ခိုင်မှုပြည့်ဝနေရေးအတွက် လှုပ်ရှားပြင်ဆင်နေရပြန်ပါတယ်။

ဘောလုံးရာသီနှောင်းပိုင်း၊ ဒဏ်ရာပြဿနာအနည်းငယ်နဲ့ကြုံတွေ့ရပြီးနောက် လတ်တလောမှာ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝဖို့ နီးစပ်နေတဲ့ ကစားသမားသုံးဦး ဆောက်ဂိတ်ရဲ့အသင်းမှာ ရှိလာနိုင်ပါတယ်။ ဒီကစားသမားသုံးဦးကတော့ မန်ချက်စတာယူနိုက်တက်ခံစစ်မှူးတွေဖြစ်တဲ့ မက်ဂွါရီနဲ့ လုခ်ရှော၊ နယူးကာဆယ်တောင်ပံကစားသမား ဂေါ်ဒွန်တို့ပဲ ဖြစ်ပါတယ်။

မက်ဂွါရီနဲ့ လုခ်ရှောတို့ရဲ့ဒဏ်ရာ အခြေအနေအကြောင်း မေးမြန်းလာချိန် ဆောက်ဂိတ်က “အားလုံးလည်း တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာပါတယ်။ ဒါကြောင့် သူတို့လုပ်ဆောင်ခဲ့တဲ့ တိုးတက်မှုလုပ်ငန်းစဉ်တွေအတွက် ကျွန်တော်တို့ အားရကျေနပ်မိပါတယ်။ ဂေါ်ဒွန်မှာလည်း သောကြာနေ့၊ အိုက်စလန်နဲ့ရင်ဆိုင်ရမယ့် ခြေစမ်းပွဲစဉ်အတွက် ပါဝင်ကစားနိုင်ဖို့ အခွင့်အလမ်းကောင်းတစ်ရပ် ရှိနေပါတယ်။ ကျန်တဲ့နှစ်ယောက်ကတော့ ဒီပွဲစဉ်မှာ ပါဝင်ကစားပေးဖို့ နည်းနည်းတော့ မဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က သူတို့တွေ ဘယ်လောက်အထိ လျှင်လျှင်မြန်မြန်တိုးတက်ကောင်းမွန်လာမလဲဆိုတာ စောင့်ကြည့်ပေးသွားရပါလိမ့်မယ်”လို့ ပြောပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းက ယူရို-၂၀၂၄ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဆာဘီးယားနဲ့ ဇွန် ၁၆ ရက်မှာ ယှဉ်ပြိုင်ကစားရပါမယ်။

#ဆောက်ဂိတ် #အင်္ဂလန် #ဘော့စနီးယား #ခြေစမ်းပွဲ