ရှေ့သို့
Image

ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေပြီလို့ ဆိုလိုက်တဲ့ သောမတ်စ်မူလာ

10:14 AM, 7 May

ဘိုင်ယန်မြူးနစ်ကြယ်ပွင့် သောမတ်စ်မူလာက ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ဒု-ကျော့)ပွဲစဉ်အကြောင်း အသင်းဝက်ဘ်ဆိုဒ်နဲ့ တွေ့ဆုံချိန် ပွင့်ပွင့်လင်းလင်းပြောဆိုသွားပါတယ်။ ဝါရင့်ကစားသမားကြီးက ဒီပွဲစဉ်မှာ မြူးနစ်မြေပထမအကျော့ ပွဲစဉ်လိုပဲ ထူးခြားတဲ့အားပေးမှုပုံစံတစ်ရပ်ကို မျှော်လင့်နေပါတယ်။

“ပရိသတ်တွေရဲ့ အရမ်းထူးခြားတဲ့ အားပေးမှုပုံစံတစ်ခု ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့တွေ အခုလိုမျိုးကြီးမားတဲ့ အားပေးထောက်ခံမှုတစ်ခုကို မကြာခဏဆိုသလို ရရှိခဲ့ဖူးပါတယ်။ အထူးသဖြင့် ချန်ပီယံလိဂ်ရှုံးထွက်အဆင့် အရေးကြီးပွဲစဉ်တွေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကွင်းတွင်းကြိုဆိုမှုပုံစံကလည်း အရမ်းထူးခြားလွန်းခဲ့ပါတယ်။ အသံတွေ ဟိန်းထွက်နေပြီး စိတ်အားထက်သန်မှုနဲ့ ခွန်အားတွေကို ခံစားမိနိုင်ပါတယ်။ ကျွန်တော်တို့အတွက် အားပေးမှုတွေ မြင့်တက်နေခဲ့ပါတယ်။ ဘိုင်ယန်ပရိသတ်တွေ အတူတကွလုပ်ဆောင်ပေးခဲ့တဲ့အရာက တကယ့်ကို ထူးခြားကောင်းမွန်လွန်းပါတယ်။ နိုင်ပွဲမရရှိခဲ့တာ ရှက်စရာဖြစ်ပေမယ့် အနည်းဆုံးတော့ စွမ်းဆောင်ရည်ပိုင်းက တကယ်ကောင်းမွန်ခဲ့ပါတယ်။ အခုအချိန်မှာတော့ မက်ဒရစ်မြေမှာ အဆုံးအဖြတ်ခံယူရဖို့ ရှိလာပါပြီ”လို့ မူလာက ပြောပါတယ်။

မက်ဒရစ်မြို့ဒုတိယအကျော့ ပွဲစဉ်အတွင်း ကြုံတွေ့ရနိုင်တဲ့အရာတွေရဲ့ အတိုင်းအဆကိုလည်း မူလာက နားလည်ထားပါတယ်။ “ဘယ်လိုဖြစ်လာမလဲဆိုတာ မြင်ရဖို့ ကျွန်တော်စိတ်လှုပ်ရှားနေပါတယ်။ ဘောလုံးကွင်းကြီးကို ပြန်လည်ပြုပြင်နေတာ ပြီးစီးခါနီးနေပါပြီ။ ဘာနေဗျူးနဲ့ ပတ်သက်ပြီး ကျွန်တော် အလွန်ကြိုက်နှစ်သက်တဲ့ အချက်ကတော့ မြို့လယ်ခေါင်မှာ တည်ရှိခြင်းဆိုတာပဲ ဖြစ်ပါတယ်။ ခင်ဗျားမှာ အိမ်နီးနားချင်းအချို့ရှိနိုင်ပြီး နောက်ဘလောက်တစ်ခုကို ထပ်သွားလိုက်ရင်တော့ ရုတ်တရက်ဆိုသလိုပဲ ပရိသတ် ၈၀,၀၀၀ ဆံ့ ဘောလုံးကွင်းကြီးဆီ ရောက်ရှိသွားပါတယ်။ ဘောလုံးဆိုတာ မက်ဒရစ်မြို့မှာ အရမ်းအရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်။ ဒါကို အခုလိုမျိုးပွဲစဉ်တွေမှာ မြင်တွေ့ရနိုင်ပါတယ်။ ကျွန်တော့်အတွက်တော့ ပုဂ္ဂိုလ်ရေးအမြင်အရပြောရရင် ဒါတွေက စွမ်းဆောင်ရည်ပိုင်းကို ဖန်တီးပေးနိုင်ပါတယ်။ ရီးရဲလ်ကွင်းဆိုပေမယ့် ဘိုင်ယန်မြူးနစ် ပရိသတ်တွေလည်း လာရောက်အားပေးကြပါလိမ့်မယ်။ ဒီလိုအတွေ့အကြုံမျိုးကို မကြာခဏဆိုသလို ကျွန်တော်တို့ ရရှိခဲ့ဖူးပါတယ်။ အထူးသဖြင့် ၂၀၁၂ ခုနှစ်၊ ကျွန်တော်တို့အသင်း ပယ်နယ်တီနဲ့ အနိုင်ရရှိချိန်မှာပေါ့။ ဘိုင်ယန်ပရိသတ်တွေ ပွဲကြည့်စင်အပြည့် လာရောက်ခဲ့ပါတယ်။ ဒါကလည်း သေချာပေါက်အရေးကြီးတဲ့အချက်တစ်ခု ဖြစ်လာပါလိမ့်မယ်”လို့ မူလာက ဆက်ပြောခဲ့ပါတယ်။

ဒါ့အပြင် မူလာက ရီးရဲလ်မက်ဒရစ်ဟာ ဘိုင်ယန်မြူးနစ်အတွက် ခက်ခဲတဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်ပေမယ့် အနိုင်ရဖို့မဖြစ်နိုင်တဲ့အသင်းမျိုးတော့ မဟုတ်ပါဘူးလို့ ဆိုပါတယ်။

သူက “ရီးရဲလ်ဘက်မှာတော့ လူများစုကြီးရှိနေပါတယ်။ သူတို့တွေ ခံစစ်ကို ပြဿနာမရှိကစားနိုင်ပါတယ်။ ဒါ့အပြင် တန်ပြန်တိုက်စစ်ကစားတာ အရမ်းကောင်းတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားပါတယ်။ ပြီးတော့ အဲ့ဒီနည်းစနစ်ကလည်း အလုပ်ဖြစ်နေတာကို တွေ့ရပါတယ်။ သူတို့တွေ ဆီမီးဖိုင်နယ်ဆီ အမြဲလိုလိုတက်ရောက်နေတာ တိုက်ဆိုင်မှုတော့မဟုတ်ပါဘူး။ ရီးရဲလ်က ကြောက်စရာကောင်းတဲ့ ပြိုင်ဘက်အသင်းပါ။ ဒါပေမယ့် ယှဉ်ကစားလို့မရတဲ့ အသင်းတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့အတွက် အနိုင်ရနိုင်မလားဆိုတာကတော့ ဂိုးသွင်းနိုင်ခြင်း ရှိ၊မရှိပေါ်မှာ မူတည်ပါတယ်။
အပြန်အလှန် တိုက်စစ်ဖွင့်မယ့် ပွဲကောင်းတစ်ခုဖြစ်လာပါလိမ့်မယ်။ ဘောလုံးမှာ ကိစ္စတော်တော်များများက အတော်လေးဆန်းပြားပါတယ်။ စတုဂတ်နဲ့ တစ်ဖက်တစ်ဂိုးစီသရေကျနေချိန် ဒုတိယပိုင်းမှာ ကျွန်တော်တို့ အခွင့်အရေးကောင်းနှစ်ကြိမ် ရရှိခဲ့ပါတယ်။ ဒီလိုအခွင့်အရေးကောင်းတွေကို အသုံးချနိုင်ရင် အနိုင်ရရှိပါလိမ့်မယ်။ အသုံးမချနိုင်ရင်တော့ အရှုံးပဲ ရင်ဆိုင်သွားရပါမယ်။ ဒါတွေပဲ ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့တွေ အခွင့်အရေးတွေကို လက်တွေ့ကျကျအသုံးချသွားနိုင်မလားဆိုတာပဲ အဓိကဖြစ်ပါတယ်။ ဒါပါပဲ”လို့ ပြောပါတယ်။

#ရီးရဲလ်မက်ဒရစ် #ချန်ပီယံလိဂ် #ဘိုင်ယန်မြူးနစ် #မူလာ