ရှေ့သို့
Image

ဟာလန်းက ကွင်းလယ်ဒိုင်ကို စိတ်ပျက်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလာတဲ့ ဂွါဒီယိုလာ

5:30 PM, 5 May

မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက ယမန်နေ့ညက ဝုဗ်ကို ၅-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာ အသင်းအတွက် ၄ ဂိုးအထိသွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူးအာလင်းဟာလန်းဟာ ဝုဗ်နောက်တန်းရဲ့ ပြစ်ဒဏ်ကျူးလွန်မှုတွေကနေ လုံလောက်တဲ့ အကာအကွယ်မရရှိခဲ့တာကြောင့် ကွင်းလယ်ဒိုင်ကို စိတ်ပျက်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ 
ဂွါဒီယိုလာက “သူ ကွင်းလယ်ဒိုင်ကို နည်းနည်းစိတ်ပျက်နေပေမယ့် ကျွန်တော်နားလည်ပါတယ်။ အဝေးပေးပို့မှုတွေကြောင့် တစ်ခါတစ်ရံမှာသူက ဝုဗ်နောက်တန်းနဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ကျူးလွန်ခံရတာတွေရှိပါတယ်။ အနိုင်ရခဲ့လို့ အဆင်ပြေတဲ့ပုံပေါ်ပေမယ့် သူ အတော်လေးရုန်းကန်ခဲ့ရတာပါ။ ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီးဖန်တီးနိုင်ခဲ့ပေမယ့် ဘောလုံးအကူးအပြောင်းမှာတော့ ခက်ခဲခဲ့ပါတယ်။ ဟာလန်းကတော့ သူ့အလုပ်သူပြန်လုပ်နေပါပြီ။ ပင်နယ်တီတွေရခဲ့ပေမယ့် သူ့အနေနဲ့ လုံးဝအမှားအယွင်းမရှိတာ မယုံနိုင်စရာပါ။ သူရဲ့ ဒုတိယနဲ့ စတုတ္ထဂိုးကလည်း အံ့ဩစရာပါ” လို့ပြောကြားခဲ့ပါတယ်။ 
ကြမ်းတမ်းတဲ့ ခံစစ်နဲ့ကြုံတွေ့ခဲ့ရပေမယ့် ဟာလန်းဟာ ပထမပိုင်းမှာပဲ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး ပြောင်မြောင်တဲ့ခြေစွမ်းကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ နော်ဝေလိုက်ရွေးစင်ကစားသမားဟာ ပထမိုင်း ၁၂ မိနစ်၊ ၃၅ မိနစ်နဲ့ အချိန်ပိုမိနစ်တွေမှာ ဂိုးတွေရရှိခဲ့တာဖြစ်ပြီး ဒီဟက်ထရစ်ဟာ သူ့ရဲ့ ပရီးမီးယားလိဂ်ကစားသမားဘဝတစ်လျှောက် ပထမပိုင်းအတွင်း သွင်းယူနိုင်ခဲ့တဲ့ ဒုတိယအကြိမ်မြောက်ဟက်ထရစ်ဖြစ်ခဲ့ပါတယ်။ 
ယခုပွဲမှာအနိုင်ရခဲ့တဲ့မန်စီးတီးအနေနဲ့ နောက်ဆုံးကျန်ရှိတဲ့ ၃ ပွဲစလုံးကို အမှားအယွင်းမရှိ အနိုင်ရအောင်ကစားနိုင်ခဲ့မယ်ဆိုရင်တော့ ပရီးမီးယားလိဂ်ဖလားကို ၄ နှစ်ဆက်တိုက်ရရှိသွားမှာဖြစ်ပြီး ပက်ဂွါဒီယိုလာရဲ့အသင်းဟာ ဖူလ်ဟမ်၊ တော့တင်ဟမ်၊ ဝက်စ်ဟမ်းတို့နဲ့ ကစားဖို့ကျန်ရှိနေတာဖြစ်ပါတယ်။ မန်စီးတီးအနေနဲ့ ဒီရာသီမှာတော့ ဖလား ၃ လုံးအောင်မြင်မှုကို မရရှိနိုင်တော့ပေမဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ယူနိုက်တက်ကို အနိုင်ရခဲ့မယ်ဆိုရင်တော့ ဖလား ၂ လုံးအောင်မြင်မှုကို ဆွတ်ခူးနိုင်ဖို့ရှိနေပါသေးတယ်။ 


#မန်စီးတီး #ဂွါဒီယိုလာ #ဟာလန်း