ရှေ့သို့
Image

ဗိုလ်လုပွဲ တက်ရောက်နိုင်မယ့်အသင်းလို့ ရေပန်းစားနေမှုကို ပယ်ချလိုက်တဲ့ အတ္တလန္တာနည်းပြ ဂတ်စ်ပါရီနီ

12:48 PM, 2 May

အတ္တလန္တာအသင်းနည်းပြ ဂတ်စ်ပါရီနီက မာဆေးလ်နဲ့ ရင်ဆိုင်ကစားရချိန် သူတို့အသင်း အနိုင်ရရှိဖို့ ရေပန်းစားနေမှုကို ပြတ်ပြတ်သားသားပယ်ချလိုက်ပါတယ်။ ဒီကလပ်အသင်းနှစ်ခုက အခုညပိုင်း၊ ပြင်သစ်မြေမှာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ်အဖြစ် ထိပ်တိုက်ရင်ဆိုင်ကစားရဖို့ ရှိနေပါတယ်။

ဂတ်စ်ပါရီနီက “ရေပန်းစားမှုဆိုတဲ့ကိစ္စကို အများကြီးထည့်မတွက်ထားပါဘူး။ အရေးကြီးတာက ကွင်းတွင်းမှာ ဘယ်လိုကစားမလဲဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့က လီဗာပူး အသင်းကို ကျော်ဖြတ်ခဲ့တာကြောင့် အသိအမှတ်ပြုမှုတွေ ပိုမိုရရှိထားတယ်ဆိုပေမယ့် ဒီအဆင့်မှာတော့ ကျွန်တော်တို့က ဂိုးမရှိ သရေဆိုတဲ့ရလဒ်ကနေပဲ အမြဲတမ်းပြန်စတင်ရပါတယ်။ ဖလောရင့်မြို့မှာ ကစားခဲ့တဲ့ ကိုပါအီတာလီယာဖလား ဆီးမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ်ထက် ပိုကောင်းအောင် ကစားနိုင်ဖို့ ကျွန်တော် မျှော်လင့်ထားပါတယ်။ နှစ်ပွဲ ကစားရဖို့ရှိပြီး နှစ်ပွဲလုံးက မတူညီတဲ့အခြေအနေမျိုးတွေ အမြဲတမ်းရှိပါတယ်။ ဒီလိုပွဲစဉ်မျိုးကို ရင်ဆိုင်ကစားရချိန် သတ္တိရှိပြီး စွမ်းရည်ကောင်းနေဖို့၊ ပိုကောင်းအောင်လုပ်ဆောင်ဖို့နဲ့ ပွဲကောင်းတစ်ခုဖြစ်လာစေဖို့ကပဲ ကျွန်တော်တို့ရဲ့ ဗွေဆော်ဦးရည်မှန်းချက် ဖြစ်ပါတယ်။ အခုဘောလုံးရာသီကတော့ ကျွန်တော်တို့အတွက် တကယ့်ကိုထူးကဲလွန်းတဲ့ အချိန်အခိုက်အတန့်တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ အသင်းက ဒီညပွဲစဉ်လိုမျိုးပဲ တကယ့်ကို အရေးကြီးလွန်းတဲ့ပွဲစဉ်တွေ အများကြီး ကစားခဲ့ရပါတယ်။ ဒီနှစ်သင်းလုံးက အခုယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်ကို ကစားဖို့ ထိုက်တန်လွန်းပါတယ်။ ဒါကြောင့်ပဲ နှစ်သင်းလုံးမှာ အထူးအာရုံစိုက်မှုနဲ့ မျှော်လင့်ချက်ကိုယ်စီ ရှိနေကြပါလိမ့်မယ်။ ကျွန်တော်တို့ကတော့ ယှဉ်ပြိုင်ခွင့်ရှိတဲ့ ပြိုင်ပွဲအရပ်ရပ်မှာ ဆက်လက်ယှဉ်ပြိုင်နေဆဲဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအခိုက်အတန့်မှာ ကျွန်တော်တို့ အဓိကဦးစားပေးစဉ်းစားနေရတဲ့အရာကတော့ ဒီညပွဲစဉ်ဖြစ်ပါတယ်”လို့ ပြောပါတယ်။

အတ္တလန္တာက ပြင်သစ်မြေ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ်အပြီး လာမယ့်တနင်္လာနေ့မှာ ဆလာနီတာနာနဲ့ စီးရီးအေ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရပါမယ်။ ဒီနောက်မှာတော့ အိမ်ကွင်းမှာ မာဆေးလ်ကို ယူရိုပါလိဂ်ဆီမီးဖိုင်နယ်(ဒုတိယအကျော့)အဖြစ် ဧည့်ခံကစားရပါမယ်။

#စီးရီးအေ #အတ္တလန္တာ #ဂတ်စ်ပါရီနီ