ရှေ့သို့
Image

ပြိုင်ဘက် အာဆင်နယ်အကြောင်း မစဉ်းစားဖို့ မန်စီးတီးအသင်းဖော်တွေကို ဟာလန်းတိုက်တွန်း

9:39 AM, 29 April

မန်စီးတီးတိုက်စစ်မှူး ဟာလန်းက ၄ နှစ်ဆက်ပရီးမီးယားလိဂ်ချန်ပီယံဆုရယူနိုင်ဖို့ ပြိုင်ဘက်အာဆင်နယ်အသင်းအကြောင်း မေ့ထားဖို့ အသင်းသားတွေကို သတိပေးလိုက်ပါတယ်။

နော်ဝေသားဟာ နော်တင်ဟမ်ဖောရက်စ်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဒုတိယပိုင်းအတွက် လူစားဝင်လာပြီး အနိုင်သေချာစေမယ့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ နော်တင်ဟမ်နဲ့ပွဲမှာ ဖခင်ဖြစ်သူလာရောက်အားပေးခဲ့ပြီး ဟာလန်းက ဒီရာသီ ၂၁ ဂိုးမြောက်သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

“အရေးအကြီးဆုံးအရာက အာဆင်နယ်အသင်းအကြောင်းမတွေးဖို့ပါ အထူးသဖြင့် ဒီလိုအခိုက်အတန့်တွေမှာပါ။ တစ်နေ့ချင်းအကြောင်းပဲတွေးရမှာပါ။ အရိုးသားဆုံးပြောရရင် တကယ်လို့အများကြီးခေါင်းထဲမှာ တွေးနေရင် အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် စိတ်အေးအေးထားဖို့ လိုအပ်ပါတယ်။ နောက်တစ်ပွဲကို အာရုံစိုက်ရပါမယ်”လို့ ဟာလန်းက ပြောကြားခဲ့ပါတယ်။

စီးတီးဟာ နော်တင်ဟမ်နဲ့ပွဲကို ဖိုဒန်၊ ဒီယက်စ်တို့မပါပဲ ကန်ခဲ့ရတာဖြစ်ပြီး ဟာလန်း နဲ့ ဂျွန်စတုန်းတို့က အရန်ခုံမှာသာ ပါဝင်ခဲ့ပါတယ်။ ဘရိုက်တန်နဲ့ အစောပိုင်းကစားခဲ့ရပေမယ့် နော်တင်ဟမ်နဲ့ပွဲမှာလည်း ဆက်ပြီးအမှားမရှိခဲ့တာဖြစ်ပါတယ်။

“အာဆင်နယ်က အမှတ်မလျော့လောက်တော့ဘူးထင်ပါတယ်။ အတိတ်တုန်းက လီဗာပူးဖြစ်ခဲ့သလိုမျိုးပေါ့။ ကျွန်တော်တို့ ၄ ပွဲ ကန်ဖို့ကျန်နေပါသေးတယ်။ အဲ့တာက ကြီးမားတဲ့တောင်ကြီးတစ်တောင်ကို တက်နေရတာနဲ့တူပါတယ်။ တကယ်လို့ သရေပွဲတစ်ပွဲကျလိုက်မယ်ဆိုရင် ကျွန်တာ်တို့ ချန်ပီယံဆုမရတော့ပါဘူး။ ဒီနေ့ပွဲစွမ်းဆောင်ရည်က အရမ်းအကောင်းကြီးမဟုတ်ခဲ့ပါဘူး”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

ဖောရက်စ်ဟာ တန်းဆင်းရဲ့အထက်မှာ ၁ မှတ်အကွာနဲ့ရပ်တည်နေပြီး နောက်ဆုံး ၃ ပွဲမှာ ရှက်ဖီးလ်အသင်းနဲ့ကန်ရဦးမှာဖြစ်ပါတယ်။ အခုအပတ်ထဲမှာ ၄ မှတ်လျော့ပြစ်ဒဏ်အတွက် နော်တင်ဟမ်တို့ကြားနာမှာဖြစ်ပြီး နူနိုဆန်းတို့စ်ကတော့ “ကျွန်တော်တို့ မကြာခင်မှာ ကြားနာမှာပါ။ အဆင်ပြေဖို့ မျှော်လင့်ပါတယ်။ အဲ့တာက ကြီးမားတဲ့ခြားနားမှုဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့အတွက်တင်မဟုတ်ပဲ လိဂ်ကအသင်းတွေ အားလုံးအတွက်ပါ”လို့ ပြောကြားခဲ့ပါတယ်။

#မန်စီးတီး #အာဆင်နယ် #ဟာလန်း #ပရီးမီးယားလိဂ်