ရှေ့သို့
Image

ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရာမှာ ဘယ်နဂိုးအထိ သွင်းနိုင်မလဲ ခန့်မှန်းလိုက်တဲ့ ဟယ်ရီကိန်း

2:15 PM, 28 April

ဘိုင်ယန်မြူးနစ်စူပါစတားတိုက်စစ်မှူး ဟယ်ရီကိန်းက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရာမှာ သူ့အနေနဲ့ ဘယ်နဂိုးအထိသွင်းယူနိုင်မလဲဆိုတာ ခန့်မှန်းပြောဆိုလာခဲ့ပါတယ်။ ဒါ့အပြင် အင်္ဂလန်အသင်းခေါင်းဆောင်ဟာ သူ့ရဲ့ နိုင်ငံ့အသင်းဖော်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ဂျုဒ်ဘယ်လင်ဟမ်နဲ့ ရင်ဆိုင်ရဖို့မျှော်လင့်နေပြီး ဘယ်လင်ဟမ်ဟာ အံ့မခန်းရာသီတစ်ခုကို ပုံဖော်ထားနိုင်တယ်လို့လည်း ချီးကျူးပြောဆိုခဲ့ပါတယ်။

အင်္ဂလန်ထိပ်သီးကလပ်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ မန်စီးတီးတို့ကို အသီးသီးဖြုတ်ချခဲ့တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ဟာ ဗိုလ်လုပွဲကိုတက်ရောက်နိုင်မယ်ဆိုရင်တော့ တစ်ဖက်က ပီအက်စ်ဂျီ ဒါမှမဟုတ် ဒေါ့မွန်တို့ထဲက တစ်သင်းသင်းနဲ့ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

ယခုအခါမှာတော့ ရီးရဲလ်မက်ဒရစ်နဲ့ပွဲစဉ်မှာ ဘယ်နဂိုးအထိ သွင်းနိုင်မလဲလို့မေးမြန်းခဲ့ရာ ဟယ်ရီကိန်းက “ကျွန်တော်ကတော့ ဒီပွဲအတွက် အဆင်သင့်ဖြစ်နေပြီး ယုံကြည်မှုလည်းရှိပါတယ်။ ကျွန်တော့်ရဲ့အသင်းဖော်တွေ ဒီရာသီတစ်လျှောက်လုံး ပံ့ပိုးခဲ့တဲ့အတိုင်း ဆက်လက်လုပ်ဆောင်နိုင်မယ်ဆိုရင်တော့ ကျွန်တော်ဂိုးသွင်းနိုင်မှာပါ။ ဘယ်လင်ဟမ်ကလည်း ထူးခြားကောင်းမွန်တဲ့ရာသီတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ ကျွန်တော်စိုးရိမ်တာက ကျွန်တော်တို့ကို သူ ၂ ပွဲစလုံးထိန်းထားနိုင်ပါ့မလားဆိုတာပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ အသင်းရဲ့နောက်ဆုံးချန်ပီယံလိဂ်ဖလားကို ၂၀၂၀ ခုနှစ်မှာ ပီအက်စ်ဂျီကို ၁-၀ နဲ့အနိုင်ယူပြီး ရရှိထားခဲ့ပါတယ်။ ယခုရာသီမှာတော့ ကိန်းအနေနဲ့ တော့တင်ဟမ်မှာ မရရှိခဲ့ဖူးတဲ့ ဆုဖလားအောင်မြင်မှုကို ဘိုင်ယန်မြူးနစ်နဲ့အတူရရှိနိုင်ဖို့ လက်တစ်ကမ်းအလိုကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့မှာ ဖရန့်ဖတ်ကို ၂-၁ နဲ့အနိုင်ရရှိထားခဲ့တဲ့ ဘိုင်ယန်မြူးနစ်အနေနဲ့ ဘွန်ဒက်စ်လီဂါဖလားကို ပြိုင်ဘက်လေဗာကူဆင်ထံ လွှဲပြောင်းပေးခဲ့ရပြီဖြစ်တာကြောင့် နောက်ဆုံးကျန်ရှိတဲ့ ချန်ပီယံလိဂ်ဖလားအတွက် အစွမ်းကုန်တိုက်ပွဲဝင်သွားဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

#ရီးရဲလ်မက်ဒရစ် #ဟယ်ရီကိန်း #ဘိုင်ယန်မြူးနစ် #ဘွန်ဒက်စ်လီဂါ