ရှေ့သို့
Image

ချဲလ်ဆီးအသင်းပိုင်ရှင်ထံတွေကနေ ထောက်ခံမှုအပြည့်အဝရရှိဖို့ မသေချာတဲ့ ပိုချက်တီနို

3:08 PM, 27 April

ချဲလ်ဆီးနည်းပြ မော်ရီစီယိုပိုချက်တီနိုဟာ ကလပ်ရဲ့ဒါရိုက်တာတွေထံကနေသာမက ယခုအခါမှာတော့ အသင်းပိုင်ရှင်တွေထံကနေပါ ထောက်ခံမှုအပြည့်အဝရရှိဖို့ မသေချာကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ အာဂျင်တီးနားသားဟာ မကြာသေးမီက အက်ဖ်အေဖလားဆီမီးဖိုင်နယ်မှာ မန်စီးတီးကို ရှုံးနိမ့်ပြီးပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့အပြင် ပရီးမီးယားလိဂ်မှာလည်း ဒါဘီပြိုင်ဘက်အာဆင်နယ်ကို ၅-၀ နဲ့ အရှက်တကွဲအရေးနိမ့်ခဲ့တာကြောင့် ဖိအားတွေနဲ့ ကြုံတွေ့လာခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးဟာ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၉ နေရာမှာရပ်တည်နေပြီး ရာသီကုန်မှာ ဥရောပဝင်ခွင့်ရဖို့ အတော်လေးရုန်းကန်သွားရဦးမှာဖြစ်ပါတယ်။ ဒါကြောင့် ယခုအခါမှာတော့ ချဲလ်ဆီးက ပိုချက်တီနိုက အသင်းမှာ ဆက်လက်ခန့်အပ်ဖို့ မသေချာတဲ့အခြေအနေမှာရှိနေပြီး ရာသီကုန်မှာ အသင်းကနေထုတ်ပယ်ဖို့ အလားအလာများလာတယ်လို့ သတင်းတွေ ထွက်ပေါ်ထားပါတယ်။ ဒါ့အပြင် ယခုအခါမှာတော့ ပိုချက်တီနိုက သူဟာ ချဲလ်ဆီးအသင်းပိုင်ရှင်တွေနဲ့ ဆက်သွယ်မှုပြုလုပ်ခြင်းမရှိဘူးလို့ ထုတ်ဖော်ပြောကြားလာခဲ့တာကြောင့် ချဲလ်ဆီးနဲ့ သူ့ရဲ့အနာဂတ်ဟာ ပိုမိုမေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။  

ချဲလ်ဆီးနဲ့ အသင်းပိုင်ရှင် တော့ဘိုလီတို့ဟာ ဖေဖော်ဝါရီလအတွင်း အားပေးမှုစာတိုတွေအပြန်အလှန်ပေးပို့ခဲ့တယ်လို့ ပြောကြားခဲ့သော်လည်း ယခုအခါမှာတော့ အသင်းရဲ့ ဒါရိုက်တာတွေထံကနေတစ်ဆင့်ပဲ ဆက်သွယ်မှုပြုလုပ်ကြတယ်လို့ သိရပါတယ်။

သောကြာနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပိုချက်တီနိုက “ပြီးခဲ့တဲ့လမှာ ကျွန်တော်တို့ အဆက်အသွယ်မရှိကြပါဘူး။ အားကစားဒါရိုက်တာတွေကနေတစ်ဆင့်ပဲ ဆက်သွယ်ကြပါတယ်။ ကျွန်တော်တို့မှာ တိုက်ရိုက်ဆက်သွယ်မှုမရှိပေမယ့် အမြင်နဲ့ ခံစားချက်တွေကတော့ မပြောင်းလဲကြပါဘူး” လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ပိုချက်တီနိုက ကလပ်မှာ သူ့ရဲ့လုပ်ပိုင်ခွင့်ဟာအကန့်အသတ်နဲ့ရှိနေကြောင်းကို “ကျွန်တော့်ရဲ့တာဝန်က အသင်းကို စွမ်းဆောင်ရည်ပိုကောင်းအောင်လုပ်ဖို့ပါပဲ။ ကလပ်ရဲ့ အစီအစဉ်တွေနဲ့ ကစားသမားကို ထိန်းချုပ်ဖို့ပါ။ ရလဒ်တွေအရတော့ ဒါတွေက ကျွန်တော့်အပေါ်မှာပဲ တာဝန်ရှိပါတယ်။ ဒါပေမယ့် အသင်းရဲ့ သော့ချက်တွေအားလုံးကို ကျွန်တော်မထိန်းချုပ်နိုင်ပါဘူး။ ဒီကဆုံးဖြတ်ချက်တွေအားလုံးကို ကျွန်တော်ချမှတ်ရတာမဟုတ်ပါဘူး” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #ပိုချက်တီနို #ပရီးမီးယားလိဂ်