ရှေ့သို့
Image

အာဆင်နယ်နဲ့ ချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းတွေကို တုံ့ပြန်လာတဲ့ မာတင်ဇူဘီမန်ဒီ

3:35 PM, 26 April

ရီးရဲလ်ဆိုစီဒက်ကြယ်ပွင့် မာတင်ဇူဘီမန်ဒီဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ အာဆင်နယ်သို့ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေပြုလုပ်နေတယ်ဆိုတဲ့ သတင်းတွေကို မဟုတ်မမှန်ကြောင်း တုံ့ပြန်ပြောဆိုခဲ့ပြီး ဆိုစီဒက်မှာ ပျော်ရွှင်နေတယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

အသက်-၂၅ နှစ်အရွယ်ကစားသမားဟာ ဆိုစီဒက်မှာ တောက်လျှောက်ခြေစွမ်းပြသထားနိုင်တဲ့အပြင် လာမယ့်ယူရိုပြိုင်ပွဲမှာ စပိန်လက်ရွေးစင်အသင်း အတွက် ရွေးချယ်ခံရနိုင်ချေရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ထားတာကြောင့် ဥရောပ အသင်းကြီးတွေရဲ့ ပစ်မှတ်ထားခြင်းကိုလည်း ခံထားရတာဖြစ်ပါတယ်။

သို့သော်လည်း လက်ရှိ ဆိုစီဒက်နဲ့ချုပ်ဆိုထားတဲ့ စာချုပ်အရ ဇူဘီမန်ဒီကိုခေါ်ယူမယ်ဆိုရင်တော့ အာဆင်နယ်အနေနဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၆၀ အထိပေးချေသွားရမှာဖြစ်ပါတယ်။ အာတီတာဟာ ဇူဘီမန်ဒီကို ခေါ်ယူဖို့ ကာလရှည်စိတ်ဝင်စားနေခဲ့ပြီး ၂၀၂၃ ဇန်နဝါရီလကတည်းက ပစ်မှတ်ထားနေခဲ့သော်လည်း နောက်ပိုင်းမှာတော့ ဒီကလန်ရိုက်စ်ကိုသာ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပါတယ်။

ယခုအခါမှာတော့ အသင်းရဲ့ကွင်းလယ်လူတွေဖြစ်တဲ့ ဂျော်ဂျင်ဟိုနဲ့ သောမတ်စ်ပါတေးတို့က ရာသီကုန်မှာ အမ်းမရိတ်စ်ကနေ ထွက်ခွာနိုင်ချေရှိတာကြောင့် အာတီတာ အနေနဲ့ ဇူဘီမန်ဒီအပေါ် သူ့ရဲ့စိတ်ဝင်စားမှုကို ပြန်လည်အသက်သွင်းလာဖို့ အလားအလာများလာခဲ့ပါတယ်။ကွင်းလယ်လူကို အာဆင်နယ်အပြင် ဥရောပထိပ်သီးကလပ်တွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာကလည်း စိတ်ဝင်စားနေပြီး ရာသီကုန်မှာ ကမ်းလှမ်းမှုတွေပြုလုပ်ဖို့ အဆင်သင့်ရှိနေကြတယ်လို့ သိရပါတယ်။ သို့သော်လည်း ယခုအခါမှာတော့ ကစားသမားက လက်ရှိကလပ် ဆိုစီဒက်မှာပဲ ပျော်ရွှင်နေကြောင်းနဲ့ အခြားအသင်းတွေနဲ့ ချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်လာခဲ့ပါတယ်။

ဇူဘီမန်ဒီက “အခြားအသင်းတွေနဲ့ ချိတ်ဆက်နေတယ်ဆိုတာ ကောလဟာလတွေပါ။ ကျွန်တော်ကတော့ ဆိုစီဒက်မှာပဲပျော်ပါတယ်။ ဒါက ကျွန်တော့်ရဲ့အိမ်လိုပါပဲ။ ဒီအသင်းမှာပဲ ကစားသမားဘဝတစ်ခုလုံးကို အဆုံးသတ်သွားမယ်လို့တော့ ကျွန်တော်မပြောနိုင်ပါဘူး။ ဒါပေမယ့် ဒီလို ကောလဟာလတွေကြောင့်တော့ စိတ်ရှုပ်ခံနေမှာမဟုတ်ပါဘူး။ လက်ရှိ အချိန်မှာတော့ အသင်းနဲ့အတူ နောက်ရာသီမှာ ဥရောပဝင်ခွင့်ရဖို့ အာရုံစိုက်နေပါတယ်။ တကယ်လို့ ဝင်ခွင့်ရခဲ့မယ်ဆိုရင်တော့ ဒါက အသင်းသမိုင်းတစ်လျှောက်ပထမဆုံးအကြိမ် ၅ နှစ်ဆက် ဥရောပဝင်ခွင့်ဖြစ်လာမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

ဇူဘီမန်ဒီဟာ ဒီရာသီမှာ ဆိုစီဒက်ကွင်းလယ်ရဲ့ အကောင်းဆုံးကစားသမားဖြစ်ပြီး လာလီဂါမှာ တစ်ပွဲပျမ်းမျှ ဘောလုံးပေးပို့မှု ၄၉ ကြိမ်အထိပြုလုပ်ထားနိုင်တာဖြစ်ပါတယ်။ ဒါ့အပြင် ကွင်းလယ်လူဟာ လာလီဂါမှာ အသင်းအတွက် ၄ ဂိုးသွင်းယူပေးထားပါတယ်။

#လာလီဂါ #အာဆင်နယ် #ဆိုစီဒက် #ဇူဘီမန်ဒီ