ရှေ့သို့
Image

ဖိုဒန်တစ်ယောက် ဂွါဒီယိုလာရဲ့လက်အောက်မှာ ကြယ်တစ်ပွင့်အဖြစ် တောက်ပလာပုံကို ရှင်းပြလိုက်တဲ့ ဒီဘရိုင်း

2:43 PM, 26 April

မန်ချက်စတာစီးတီးစူပါစတား ကယ်ဗင်ဒီဘရိုင်းက အသင်းဖော် ဖီးလ်ဖိုဒန်ဟာ နည်းပြ ပက်ဂွါဒီယိုလာရဲ့လက်အောက်မှာ ကြယ်တစ်ပွင့်အဖြစ် ဘယ်လိုတောက်ပလာသလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။

ယနေ့နံနက်က ဘရိုက်တန်ကို ၀-၄ နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဖိုဒန်ဟာ မန်စီးတီးအတွက် သွင်းဂိုး ၂ ဂိုးအထိ ရယူပေးနိုင်ခဲ့ပြီး အထူးခြေစွမ်းပြသခဲ့တာကြောင့် ယခုအခါမှာတော့ ဂွါဒီယိုလာရဲ့ အသင်းဟာ တစ်ပွဲလျော့အနေအထားမှာ အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်ကို ၁ မှတ်အကွာနဲ့ ဖိအားပေးထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ဒီဘရိုင်းက ဖိုဒန်ကို ချီးကျူးစကားဆိုခဲ့ပြီး အသက်-၂၃ နှစ်အရွယ်ကစားသမားအနေနဲ့ အနာဂတ်မှာ မန်စီးတီးကို ဦးဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်းနဲ့ ဂွါဒီယိုလာရဲ့လက်အောက်မှာ ဘယ်လိုတိုးတက်လာခဲ့သလဲဆိုတာ ပြောကြားခဲ့ပါတယ်။

ဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမားက “သူက ဗဟိုကွင်းလယ်လူတစ်ယောက်အဖြစ် နေရာအတည်တကျယူနိုင်မယ်လို့ထင်ပါတယ်။ သူအသင်းကို စရောက်လာတုန်းက ဂွါဒီယိုလာရဲ့ ကစားကွက်မှာ နေရာကျဖို့ အချိန်ယူခဲ့ရပါတယ်။ အခုတော့ သူကအသင်းရဲ့ ကွင်းလယ်မှာ ယုံကြည်စိတ်ချရတဲ့ကစားသမားဖြစ်နေပါပြီ။ သူကအသင်းမှာ နှစ်အများကြီးနေထိုင်ခဲ့ပြီး ကျွန်တော်တို့ကို ဆုဖလားတွေရရှိဖို့ကူညီပေးထားနိုင်ပါတယ်။ ကျွန်တော်ကတော့ သူ့ကိုနောက်တစ်ဆင့်ရောက်နေပြီလို့ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဒီရာသီမှာ ဒီဘရိုင်းဟာ ဒဏ်ရာပြဿနာကြောင့် ၅ လလောက်အထိ အနားယူခဲ့ရပြီး အဆိုပါကာလတွေမှာ ဖိုဒန်က မန်စီးတီးရဲ့ကွင်းလယ်ကို အကောင်းဆုံး ဦးဆောင်ထားတာကြောင့် ယခုအခါမှာတော့ ဂွါဒီယိုလာရဲ့အသင်းဟာ အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့ အလားအလာအကောင်းဆုံးဖြစ်နေပါတယ်။ ယနေ့ ဘရိုက်တန်နဲ့ပွဲမှာ ၂ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဖိုဒန်ဟာ ဒီရာသီမှာ မန်စီးတီးအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၂၄ ဂိုးအထိ ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။

လာမယ့် တနင်္ဂနွေနေ့မှာတော့ ပက်ဂွါဒီယိုလာရဲ့အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နော်တင်ဟမ်ဖောရက်စ်ကို အိမ်ကွင်း အီတီဟတ်မှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဆုဖလားဆွတ်ခူးနိုင်ဖို့ အမှားခံလို့မရတာကြောင့် သေချာပေါက်အနိုင်ကစားဖို့ လိုအပ်နေပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ #ဖိုဒန် #ပရီးမီးယားလိဂ်