ရှေ့သို့
Image

ဒီဘရိုင်းက ဂျရတ်နဲ့ လမ်းပတ်တို့ထက် ပိုကောင်းတယ်လို့ ချီးကျူးလိုက်တဲ့ ဂျေမီရက်နပ်

2:27 PM, 26 April

လီဗာပူးနဲ့ အင်္ဂလန်ကစားသမားဟောင်း ဂျေမီရက်နပ်က မန်စီးတီးကွင်းလယ်လူ ကယ်ဗင်ဒီဘရိုင်းဟာ ပရီးမီးယားလိဂ် ဂန္ထဝင်ကွင်းလယ်လူတွေဖြစ်တဲ့ စတီဗင်ဂျရတ်နဲ့ ဖရန့်ခ်လမ်းပတ်တို့ထက် ပိုမိုကောင်းမွန်တဲ့ခြေစွမ်းကို ပိုင်ဆိုင်ထားတယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

ယနေ့နံနက်က ဘရိုက်တန်ကို ၀-၄ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဒီဘရိုင်းဟာ မန်စီးတီးအတွက် သွင်းဂိုး ၁ ဂိုး ရယူပေးနိုင်ခဲ့ပြီး အထူးခြေစွမ်းပြသခဲ့တာကြောင့် ရက်နပ်က မန်စီးတီးရဲ့ လူငယ်ကွင်းလယ်လူ ဖီးလ်ဖိုဒန်အနေနဲ့ ဘယ်လ်ဂျီယံလက်ရွေးစင် ကစားသမားထံကနေ ပညာတွေရသလောက် ယူထားသင့်တယ်လို့ အကြံဉာဏ်ပေးခဲ့ပါတယ်။

ပွဲအပြီးမှာ ရက်နပ်က “သူက ဘောလုံးမာစတာတွေရဲ့ မာစတာပါပဲ။ ဖီးလ်ဖိုဒန်နဲ့အတူတူတွဲပြီး သူလုပ်နေတာတွေက အရမ်းကောင်းပါတယ်။ သူ့ရဲ့စိတ်ကူးထဲမှာ အမြဲတမ်းကစားကွက်ကို ပုံဖော်ထားသလိုပါပဲ။ ကျွန်တော်တို့ ပရီးမီးယားလိဂ်မှာ စတီဗင်ဂျရတ်၊ ဖရန့်ခ်လမ်းပတ်နဲ့ ယာယာတိုရေးတို့လို အကောင်းဆုံးကွင်းလယ်ကစားသမားတွေ မြင်ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ဒီဘရိုင်းက အကောင်းဆုံးပါပဲ။ သူက ကမ္ဘာပေါ်မှာ မဖြစ်နိုင်တဲ့အရာမျိုးတွေကို လုပ်ပြနေတာပါ။ သူ့လို ဘောလုံးပေးပို့မှုမျိုး လုပ်နိုင်တဲ့ကစားသမား သိပ်မရှိပါဘူး။ သူကစားတာကိုကြည့်ရတိုင်း အမြဲတမ်း အံ့အားသင့်ရပါတယ်” “ဒီလိုမျိုးစံပြကစားသမားနဲ့အတူ ကစားခွင့်ရတာ ဖီးလ်ဖိုဒန်အတွက် အခွင့်အရေးကောင်းပါတယ်။ သူက ဒီဘရိုင်းနဲ့ နေ့တိုင်းတွေ့နေရတာပါ။ ဒီဘရိုင်းဆီကနေ တစ်ခုခုသင်ယူနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဖိုဒန်က ဒီဘရိုင်းဆီကနေ ပညာတွေရနေတော့ ပွဲတိုင်းလိုလိုမှာ ခြေစွမ်းပြနိုင်မယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး” လို့ပြောကြားခဲ့ပါတယ်။

ဒီဘရိုင်းဟာ ၂၀၁၅ မှာ ဝုဖ်ဘတ်ကနေ စတင်ပြောင်းရွှေ့လာကတည်းက ခြေစွမ်းကောင်းကို ရာသီတိုင်းမှာ ထိန်းသိမ်းထားနိုင်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတစ်ဦးအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ ယခုအခါမှာတော့ ဘယ်လ်ဂျီယံသားဟာ မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်ကိုင်မြှောက်ထားနိုင်ပြီး လက်ရှိရာသီမှာလည်း နောက်ထပ်တစ်ကြိမ် ဆွတ်ခူးနိုင်ဖို့ လမ်းကြောင်းမှန်ပေါ်ရောက်နေပါတယ်။

လာမယ့် တနင်္ဂနွေနေ့မှာတော့ ပက်ဂွါဒီယိုလာရဲ့အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နော်တင်ဟမ်ဖောရက်စ်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဆုဖလားဆွတ်ခူးနိုင်ဖို့ အမှားခံလို့မရတာကြောင့် သေချာပေါက်အနိုင်ကစားဖို့ လိုအပ်နေပါတယ်။

#ဒီဘရိုင်း #ဂျရတ် #ဂျေမီရက်ပ်နပ် #ပရီးမီးယားလိဂ်