ရှေ့သို့
Image

နည်းပြ အန်နီစလော့ လီဗာပူးသို့ ပြောင်းရွှေ့ဖို့ နီးစပ်လာခြင်းကို ဝမ်းသာမိတယ်လို့ ထုတ်ဖော်ပြောကြားလာတဲ့ ဖီယင်နုအသင်းခေါင်းဆောင်

2:12 PM, 26 April

ဖီယင်နုအသင်းခေါင်းဆောင် ဂါနော့ထရော်နာက အသင်းနည်းပြ အန်နီစလော့အနေနဲ့ လီဗာပူးကို ပြောင်းရွှေ့ဖို့ နီးစပ်လာခြင်းကို ဝမ်းသာမိကြောင်းနဲ့ အန်နီစလော့ဟာ နည်းပြဘဝမှာ နောက်ထပ်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေးနဲ့ထိုက်တန်ကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

ယခုအခါမှာ နယ်သာလန်သား စလော့ဟာ ရာသီကုန် လီဗာပူးကနေထွက်ခွာမယ့် ယာဂင်ကလော့ပ်နေရာမှာ အစားထိုးနိုင်မယ့် ဖြစ်နိုင်ချေအရှိဆုံးပစ်မှတ်ဖြစ်နေပြီး ကြာသပတေးနေ့ကလည်း သူဟာ ဖီယင်နုကနေထွက်ခွာပြီး အန်ဖီးလ်သို့ပြောင်းရွှေ့လိုကြောင်း တရားဝင်ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

ဖီယင်နုအသင်းခေါင်းဆောင် ထရော်နာကလည်း ပြီးခဲ့တဲ့ရာသီမှာ နယ်သာလန်အမှတ်ပေးဖလားနဲ့ လက်ရှိရာသီ ပြည်တွင်းဖလားတစ်လုံးကိုဆွတ်ခူးပေးထားနိုင်တဲ့ စလော့ဟာ လီဗာပူးလို့ ပိုမိုကြီးမားတဲ့အသင်းမှာ နည်းပြဖို့ အခွင့်အရေးနဲ့ ထိုက်တန်တယ်လို့ ပြောကြားခဲ့ပါတယ်။

ထရော်နာက “သူ အသင်းအတွက် ကြိုးစားပေးခဲ့တာတွေ၊ တိုးတက်အောင်လုပ်ပေးခဲ့တာတွေ အတွက် တစ်သင်းလုံးကိုယ်စား ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ကျွန်တော်တို့ အပြည့်အဝတော့ မတိုးတက်သေးတာကြောင့် သူ့ကို အသင်းမှာ ဆက်လက်နေစေချင်ပါသေးတယ်။ ဒါပေမယ့် အခုလို နောက်တစ်ဆင့်ကိုတက်လှမ်းနိုင်မယ့် ခြေလှမ်းကိုလည်း သူ့အနေနဲ့ အခွင့်အရေးယူစေချင်ပါတယ်။ လီဗာပူးလိုအသင်းကိုပြောင်းဖို့ ကျွန်တော်တို့အသင်းကနေထွက်ခွာခဲ့ရင် သူ့ကိုဘယ်သူမှ အပြစ်တင်မှာမဟုတ်ပါဘူး။ ဒီလို တကယ်ဖြစ်လာရင် ကျွန်တော်လည်း သူ့အတွက် တကယ်ပျော်ရွှင်မိမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

ထရော်နာအပြင် အသင်းရဲ့ဂိုးသမား ဂျက်စတင်ကလည်း “ဒီနည်းပြရဲ့စွမ်းဆောင်ရည်ကြောင့် ကလပ်ကလွန်ခဲ့တဲ့  ၃ နှစ်အတွင်း ထူးထူးခြားခြားအောင်မြင်မှုတွေရှိခဲ့ပါတယ်။ သူရောက်လာတဲ့ အချိန်ကနေစပြီး ကျွန်တော်တို့မှာ ကွဲပြားခြားနားတဲ့ ခံယူချက်တွေရှိလာပါတယ်။ သူက ပရော်ဖက်ရှင်နယ်ပီသလွန်းတဲ့ နည်းပြပါ။ ကျွန်တော်တို့ အဖွဲ့အစည်းတစ်ခုလုံး သူ့ရဲ့စီမံခန့်ခွဲမှုအောက်မှာ အများကြီးတိုးတက်လာခဲ့ပါတယ်” လို့ ချီးကျူးစကားဆိုခဲ့ပါတယ်။

#လီဗာပူး #ဖီယင်နု #ပရီးမီးယားလိဂ် #အာနီစလော့