ရှေ့သို့
Image

ဘာစီလိုနာနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင်မှုတွေပြုလုပ်နေပြီဖြစ်တဲ့ ဇာဗီ

2:20 PM, 25 April

ဘာစီလိုနာနည်းပြ ဇာဗီဟာနန်ဒက်ဇ်ဟာ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာမယ်လို့ ကြေညာထားပြီးဖြစ်သော်လည်း ယခုအခါမှာတော့ အသင်းမှာ ဆက်လက်ကျန်ရှိနေဖို့ ဆုံးဖြတ်ခဲ့တာကြောင့် စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေပြုလုပ်နေပြီလို့သိရပါတယ်။  စပိန်သားဟာ လွန်ခဲ့တဲ့ ၃ က ဘာစီလိုနာကနေထွက်ခွာဖို့စီစဉ်ထားတယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း အဆိုပါကြေညာချက်ထုတ်ပြန်လိုက်ကတည်းက အသင်းရဲ့ ဥက္ကဌ ဂျိုအန်လာပေါ်တာအပါအဝင် ထိပ်သီးပိုင်းပုဂ္ဂိုလ်တွေက ဇာဗီကို ဘာစီလိုနာမှာ ဆက်လက် ထိန်းသိမ်းနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ယခုအခါမှာတော့ ဘာစီလိုနာရဲ့ ဆွဲဆောင်မှုတွေက အလုပ်ဖြစ်သွားပုံပေါ်ပြီး ဇာဗီကို အသင်းမှာ ဆက်လက်ကိုင်တွယ်စေဖို့ အလားအလာများလာစေခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် ဇာဗီဟာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ၁ နှစ်ကျန်ရှိနေသေးပြီး စာချုပ်အပေါ် လေးစားတဲ့အကြောင်းကိုလည်း ထုတ်ဖော်ပြသထားတာဖြစ်ပါတယ်။

ဘာစီလိုနာကနေထွက်ခွာမယ်လို့ ကြေညာပြီးကတည်းက ဇာဗီဟာ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကြောင့် ရာထူးကနေနုတ်ထွက်ပြီးတာနဲ့ ဘာစီလိုနာမှာဆက်နေမှာ မဟုတ်ကြောင်းလည်း ထပ်ခါတလဲလဲပြောကြားခဲ့ပါတယ်။ သို့သော်လည်း အသင်းဘက်ကတော့ ဇာဗီကို လက်ရှိနည်းပြအဖြစ်သာ ဆက်လက်ရှုမြင်ထားပြီး နည်းပြသစ်ရှာဖွေမှုတွေကို ပြုလုပ်ဖို့အစီအစဉ်မရှိခဲ့ဘူးလို့ သိရပါတယ်။ ဒါ့အပြင် ဇာဗီကိုလည်း နည်းပြ ရာထူးမှာဆက်လက်ကျန်ရှိစေဖို့ လမ်းဖွင့်ထားကြောင်း ယခုသတင်းပတ်အစောပိုင်းက သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

ဘာစီလိုနာဥက္ကဌ လာပေါ်တာက ဇာဗီကို အသင်းမှာ ဆက်လက်ထားရှိဖို့ စိတ်အားထက်သန်ကြောင်းကို “ရာသီကုန်မှာ ဒီအတွက် ဆွေးနွေးမှုပြုလုပ်သွားမှာပါ။ ဇာဗီက အသင်းအတွက် အရမ်းကောင်းပါတယ်။ ဒါပေမယ့် သူထုတ်ဖော်ပြောကြားခဲ့တဲ့ အကြောင်းအရာတွေကိုလည်း အပြည့်အဝနားလည်ပါတယ်။ ပွင့်လင်းမြင်သာမှုရှိပြီး အရာအားလုံးကိုပြင်ဆင်နိုင်စေမယ့် အခြေအနေတွေရှိနေတယ်လို့ နားလည်ထားတာကြောင့် ရာသီကုန်မှာ ဆွေးနွေးမှုတွေပြုလုပ်သွားပါမယ်” လို့ ပြောကြားခဲ့ပါတယ်။

မကြာသေးမီက အယ်လ်ကလက်စီကိုပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ကိုရှုံးနိမ့်ထားတဲ ဇာဗီရဲ့အသင်းဟာ အမှတ်ပေးချန်ပီယံဖြစ်ဖို့ အတော်လေးအခွင့်အရေးနည်းသွားပြီး လာမယ့်တနင်္လာနေ့မှာတော့ ဗလင်စီယာနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ဇာဗီ