ရှေ့သို့
Image

လာမယ့်ရာသီ ယူနိုက်တက်နည်းပြအဖြစ် ဆက်ရှိနေပါက လစာဖြတ်တောက်မှုကို လက်ခံရမယ့် တန်ဟက်

10:59 AM, 25 April

တန်ဟက်ဟာ လက်ရှိဘောလုံးရာသီပြီးဆုံးပြီးနောက် ယူနိုက်တက်နည်းပြအဖြစ် ဆက်ရှိနေပါက လစာအမြောက်အများ ဖြတ်တောက်ခံရမယ်လို့ သတင်းများထွက်ပေါ်လျက်ရှိပါတယ်။

ESPN ရဲ့ဖော်ပြချက်အရ တန်ဟက်ဟာ ယူနိုက်တက်တွင် လစာ ၂၅ ရာခိုင်နှုန်း ဖြတ်တောက်ခံရမယ်လို့ ထင်ရပြီး ချန်ပီယံလိဂ်ဝင်ခွင့်မရရှိခဲ့ပြီးနောက် အသင်းမှာ ဆက်ရှိဖို့ကလည်း မသေချာနေတာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် မေလတွင် အေဂျက်စ်မှ ထွက်ခွာပြီးနောက် အိုးထရက်ဖို့ဒ်တွင် ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့တဲ့ နယ်သာလန်နိုင်ငံသားနည်းပြဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၇ နေရာတွင် ရပ်တည်နေတာကြောင့် ဖိအားများပိုမိုများပြားလာကာ ရုန်းကန်နေရပါတယ်။

ဆာဂျင်ရက်ဖ်ကလစ်ရဲ့ INEOS ဦးဆောင်တဲ့ ယူနိုက်တက်အား ပြင်ဆင်မယ့် အကြီးအကဲတွေတော့ တန်ဟက်ရဲ့နေရာကို အခြားတစ်ဦးဖြင့် အစားထိုးဖို့ လုပ်ဆောင်နေကြပါတယ်။ အလားအလာရှိသူများတွင် အင်္ဂလန်နည်းပြ ဆောက်ဂိတ်၊ ဘိုင်ယန်မြူးနစ်နည်းပြ တူချယ်၊ ဘရိုက်တန်နည်းပြ ဒီဇာဘီ၊ ဘရန့်ဖို့ဒ်နည်းပြ သောမက်စ်ဖရန့်ခ် နှင့် ဝုဗ်နည်းပြ ဂယ်ရီအိုလ်နေး တို့ကဲ့သို့သော နည်းပြတွေ ပါဝင်နေတာဖြစ်ပါတယ်။

ဆန်ခါတင်စာရင်းကို ရေးဆွဲထားသော်လည်း ယူနိုက်တက်ဘုတ်အဖွဲ့ဟာ လာမယ့်ရာသီအတွက် တန်ဟက် ဦးဆောင်ကာ ပြင်ဆင်မှုများ ပြုလုပ်နေပါတယ်။ တန်ဟက်ဟာ အိုးထရက်ဖို့ဒ်တွင် စွမ်းဆောင်ရည်ကိုအခြေခံတဲ့ စာချုပ်ဖြင့် လုပ်ဆောင်နေပြီး ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်နှင့်လွဲချော်ခဲ့ပါက လက်ရှိပမာဏဖြစ်တဲ့ ပေါင် ၉ သန်း (ဒေါ်လာ ၁၁.၂သန်း)ကနေ ပေါင် ၆.၇၅ သန်း (ဒေါ်လာ ၈.၃၉ သန်း)အထိ လာမည့်ရာသီတွင် လျှော့ယူရမှာဖြစ်ပါတယ်။

ထို့အပြင် လက်ရှိသဘောတူညီချက်အရ ၁ နှစ်ကျန်ရှိနေတဲ့စာချုပ်ကို ယခုနွေရာသီတွင် ရပ်စဲရန် ဆုံးဖြတ်ချက်ချခဲ့ပါက တန်ဟက်ဟာ နည်းပါးတဲ့လျော်ကြေးငွေကိုသာရရှိဖို့ အလားအလာရှိနေပါတယ်။ ယူနိုက်တက်သည် ထိပ်ဆုံး ၄ သင်းစာရင်းဝင်ဖို့ သင်္ချာနည်းအရ မျှော်လင့်ချက်ရှိနေသော်လည်း ဗုဒ္ဓဟူးနေ့ ရှက်ဖီးယူနိုက်တက်နှင့်ပွဲမှာ အမှတ်လျော့ခဲ့ပါက အသင်းရဲ့မျှော်လင့်ချက်များ ပျောက်ဆုံးသွားမှာဖြစ်ပါတယ်။

လက်ရှိရာသီရဲ့ နောက်ဆုံး ၄ ပွဲအဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်၊ အာဆင်နယ်၊ နယူးကာဆယ်၊ ဘရိုက်တန်တို့နှင့်ပွဲတွေကို မေလမှာ ကစားရမှာဖြစ်တဲ့အတွက် လွယ်ကူနေမှာတော့ မဟုတ်ပါဘူး။

#မန်ချက်စတာယူနိုက်တက် #အဲရစ်တန်ဟက် #ပရီးမီးယားလိဂ်