ရှေ့သို့
Image

မာဆေးဆိုက်ဒါဘီမှာ ရှုံးနိမ့်ပြီး ကျွဲစိမ်းနဲ့ ပွဲသိမ်းမယ့် အခြေအနေကို ရောက်သွားတဲ့ လီဗာပူး

9:01 AM, 25 April

လီဗာပူးအသင်းဟာ မနေ့ညက မာဆေးဆိုက်ဒါဘီမှာ ထပ်မံခြေချော်ခဲ့ပြီး ယခုနှစ်ရာသီမှာ ကျွဲစိမ်းဖလားတစ်လုံးတည်းနဲ့ ပွဲသိမ်းတော့မယ့် အခြေအနေကို ရောက်သွားခဲ့ပါတယ်။ အဲဗာတန်အသင်းဟာ အိမ်ကွင်း ဂွတ်ဒင်ဆင်ပတ်ခ်မှာ ကစားခဲ့တဲ့ပွဲစဉ်အတွင်း အကောင်းဆုံးခြေစွမ်းပြခဲ့ကာ ၁၄နှစ်အတွင်း ပထမဆုံး ဒါဘီနိုင်ပွဲကို ရယူသွားနိုင်ခဲ့ပါတယ်။

ပွဲအစ ၆မိနစ်မှာတင် အဲဗာတန်အသင်း ပင်နယ်တီခဲ့ပေမယ့် တိုက်စစ်မှူး ကယ်ဗက်လီဝမ် လူကျွံနေတယ်ဆိုပြီး VARက ပြစ်ဒဏ်ဘောကို ပြန်လည်ပယ်ဖျက်သွားခဲ့ပါတယ်။ ၂၇မိနစ်မှာတော့ အဲဗာတန်အသင်း ဦးဆောင်ဂိုးရခဲ့ပြီး လီဗာပူးရဲ့ခံစစ်အားနည်းမှုကနေ ဘရိဝိတ်က ကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးကလည်း အခွင့်အရေးတွေ ရခဲ့ပေမယ့် ဒီယက်ဇ်၊ နူနက်ဇ်တို့ အသုံးမချနိုင်ခဲ့တာကြောင့် ချေပဂိုးနဲ့ ဝေးကွာနေခဲ့ပါတယ်။ ဒုတိယပိုင်းမှာ လီဗာပူးက ပိုကောင်းလာပေမယ့် ၅၈မိနစ်မှာ မက်နေးလ်ရဲ့ ထောင့်ကန်ဘောကနေ ကယ်ဗက်လီဝမ်က အပိုင်ခေါင်းတိုက်သွင်းကာ အဲဗာတန်အတွက် အနိုင်သေချာစေမယ့်သွင်းဂိုး သွင်းယူပေးခဲ့ပါတယ်။

ယခုနိုင်ပွဲကြောင့် လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆု ပြေးလမ်းမှာ နောက်ကောက်ကျန်ခဲ့ပြီလို့ ယူဆနိုင်ပြီး ကလော့ပ်ရဲ့နောက်ဆုံးရာသီမှာ ကာရာဘောင်ဖလားတစ်လုံးတည်းနဲ့ အဆုံးသတ်ဖို့ နီးစပ်လာခဲ့ပါတယ်။ အခြားပွဲစဉ်မှာတော့ ယူနိုက်တက်အသင်းက ဇယားအောက်ဆုံးက ရှက်ဖီးလ်ယူနိုက်တက်ကို အိမ်ကွင်းမှာ အကြိတ်အနယ်ကစားပြီး ၄-၂ဂိုးနဲ့ အနိုင်ယူသွားခဲ့ပါတယ်။

#လီဗာပူး #အဲဗာတန် #ပရီးမီးယားလိဂ်