ရှေ့သို့
Image

ချဲလ်ဆီးကို ဂိုးပြတ်အနိုင်ယူပြီးနောက် ပိုချက်တီနိုအတွက် စာနာမှုအပြည့်ရှိပါတယ်လို့ ထုတ်ပြောလာတဲ့ အာတီတာ

4:38 PM, 24 April

ဒီနေ့မနက်ပိုင်း၊ ချဲလ်ဆီးကို ငါးဂိုးပြတ်အနိုင်ယူခဲ့ပြီးနောက် အာဆင်နယ်နည်းပြ အာတီတာက ပြိုင်ဘက်ပိုချက်တီနိုအတွက် စာနာနားလည်မှုအပြည့်ရှိပါတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

အခုနိုင်ပွဲကြောင့် ဂန်းနားတွေက နှစ်ပွဲလျော့ကစားထားတဲ့ လက်ရှိချန်ပီယံမန်စီးတီးကို လေးမှတ်ဖြတ်ကာ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ပြတ်ပြတ်သားသားရပ်တည်နိုင်ခဲ့ပါတယ်။ တဖက်မှာလည်း ပိုချက်တီနိုနဲ့ သူ့ရဲ့အသင်းအတွက် အခက်အခဲတွေ အပြည့်ရင်ဆိုင်ခဲ့ရတဲ့ ညတစ်ခု ဖြစ်လာပါတယ်။ ဒါကြောင့် အာတီတာက ပီအက်စ်ဂျီအသင်းဖော်ဖြစ်ခဲ့ဖူးတဲ့ လက်ရှိချဲလ်ဆီးနည်းပြ အတွက် စာနာနားလည်မှုပေးတဲ့ စကားလုံးမှလွဲပြီး ကျန်တာတွေကို ထုတ်မပြောလာခဲ့ပါဘူး။

ပိုချက်တီနိုရဲ့အခက်အခဲတွေအကြောင်း မေးမြန်းလာချိန်မှာ ပြိုင်ဘက်နည်းပြကို အားအင်အပြည့် ထောက်ခံပေးလိုက်တဲ့ အာတီတာက “တစ်ကမ္ဘာလုံးမှာရှိတဲ့ စာနာနားလည်မှုမျိုး သူ့အတွက် ကျွန်တော့်မှာ ရှိပါတယ်။ ဖြတ်သန်းခဲ့သမျှအရာတွေနဲ့  လုပ်နေသမျှအရာအားလုံးကို ပိုချက်တီနိုကိုယ်တိုင် ကောင်းကောင်းသိထားပါတယ်။ သူလည်း အကောင်းဆုံးလုပ်နေပါတယ်။ ဒီအသင်းကို ကြည့်ပြီး အသေးစိတ်ခွဲခြမ်းစိတ်ဖြာလိုက်မယ်ဆိုရင် သူတို့တွေ နိုင်ပွဲများစွာနဲ့ထိုက်တန်သလို အသင်းကြီးတွေကိုပါ အနိုင်ရဖို့ ထိုက်တန်တယ်လို့ ခင်ဗျားတို့ ယူဆမိကြပါလိမ့်မယ်။ ပိုချက်တီနိုက တကယ်ကောင်းတဲ့အလုပ်ကို လုပ်ဆောင်နေတာဖြစ်လို့ သူနဲ့ထိုက်တန်တဲ့အရာတွေ ပြန်ရဖို့ မျှော်လင့်မိပါတယ်။ ကျွန်တော်လည်း အနိုင်ရတာကို ကြိုက်ပါတယ်။ သူလည်း ဒီအတိုင်းလုပ်ဖို့ ကြိုးစားသွားပါလိမ့်မယ်။ စာနာမှုအကြောင်း ပြောမယ်ဆိုရင်တော့ ကျွန်တော်ချစ်ခင်လေးစားရသူအတွက် အကောင်းဆုံးတွေ ဖြစ်လာဖို့ပဲ ဆုတောင်းပေးပါတယ်”လို့ ပြောပါတယ်။

အာတီတာရဲ့အသင်းက လာမယ့်တနင်္ဂနွေနေ့မှာ မြောက်လန်ဒန်ဒါဘီပွဲစဉ်ကို ဆင်နွှဲရဖို့ရှိနေပြီး ပရီးမီးယားလိဂ်ဆုဖလား မျှော်လင့်ချက်အတွက် အကောင်းဆုံး တိုက်ပွဲဝင်သွားပါလိမ့်မယ်။

#အာတီတာ #ချဲလ်ဆီး #ပိုချက်တီနို #ပရီးမီးယားလိဂ်