ရှေ့သို့
Image

ပိုချက်တီနိုကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ရင် မှားသွားလိမ့်မယ်လို့ ချဲလ်ဆီးကို သတိပေးလိုက်တဲ့ ဖာဒီနန်

3:32 PM, 24 April

ဘောလုံးရာသီတစ်ခုအပြီး ပိုချက်တီနိုကိုထုတ်ပယ်ဖို့ ဆုံးဖြတ်မယ်ဆိုရင် ဒါက ပြစ်မှုတစ်ခု ကျူးလွန်လိုက်တာပဲလို့ ဖာဒီနန်က ချဲလ်ဆီးအသင်းကို သတိပေးလိုက်ပါတယ်။ ပရီးမီးယားလိဂ်မှာ တော့တင်ဟမ်ကို နောက်ဆုံး ကိုင်တွယ်ခဲ့တဲ့ ပိုချက်တီနိုက ပြီးခဲ့တဲ့ နွေရာသီကာလအတွင်း စတမ်းဖို့ဒ်ဘရစ်ချ်ကလပ်ဆီ နှစ်နှစ်စာချုပ်နဲ့အတူ ရောက်ရှိလာကာ အင်္ဂလန်မြေမှာ တကျော့ပြန်ခြေချလာခဲ့ပါတယ်။

ပြီးခဲ့တဲ့အပြောင်းအရွှေ့ဈေးကွက်အတွင်း အသက်-၅၂ နှစ်အရွယ် နည်းပြကို ထောက်ပံ့မှုအများအပြား ရှိခဲ့ပေမယ့် သူ့ရဲ့ငယ်ရွယ်လွန်းတဲ့လူစာရင်းပိုင်းက တည်ငြိမ်မှုဖော်ဆောင်ဖို့ ရုန်းကန်ခဲ့ရပြီး ချဲလ်ဆီးကို နောက်ထပ်ဖလားလက်မဲ့ဘောလုံးရာသီတစ်ခုနဲ့ ကြုံတွေ့စေခဲ့ပါတယ်။ အသစ်ခေါ်ယူထားတဲ့ ကစားသမားတွေ အသားကျဖို့ ရုန်းကန်နေရခြင်း၊ အခုဘောလုံးရာသီ ကာလအများစု အမှတ်ပေးဇယားအလယ်နားမှာပဲ ရပ်တည်နေခဲ့ရခြင်းတို့က အသင်းပိုင်ရှင်တော့ဒ်ဘိုလေကို နည်းပြအပြောင်းအလဲပြုလုပ်ပေးဖို့ တွန်းအားဖြစ်စေပါတယ်။

မန်ချက်စတာယူနိုက်တက်ဂန္တဝင်ကြီး ဖာဒီနန်ကတော့ ငယ်ရွယ်လွန်းတဲ့ ကစားသမားစုဖွဲ့မှုမှ အကောင်းဆုံး အရာတွေ ထွက်ပေါ်လာအောင်လုပ်ဆောင်ဖို့ နည်းပြပိုချက်တီနိုအတွက် အချိန် လိုအပ်နေတယ်လို့ သုံးသပ်လိုက်ပြီး လက်ရှိ အခြေအနေတွေနဲ့အတူ နည်းပြသစ်ပြောင်းလဲသင့်ပြီဆိုတဲ့ အမြင်တွေကိုလည်း ပြတ်ပြတ်သားသားပယ်ချလိုက်ပါတယ်။

TNT Sports အစီအစဉ်မှာ ဖာဒီနန်က “လူငယ်သွေးသစ်တွေကို စုဆောင်းပြီး ရင်းနှီးမြှုပ်နှံမှုတွေ စတင်ခဲ့ပြီးချိန်မှ ပိုချက်တီနိုကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ဒါက ပြစ်မှုတစ်ခုကျူးလွန်လိုက်သလို ဖြစ်သွားပါလိမ့်မယ်။ သူတို့တွေရဲ့တိမ်မြှုပ်နေတဲ့ အလားအလာတွေက တကယ့်အံ့မခန်းပါပဲ။ သူတို့ဆီမှာ အမှန်တကယ် အလုပ်လုပ်နေတဲ့ အံ့ဖွယ်အကယ်ဒမီတစ်ခု ရှိပါတယ်။ ဒီနောက်မှာတော့ ပိုချက်တီနိုကို ခေါ်ဆောင်လာပြီး တစ်ရာသီတည်းမှာပဲ ဒါတွေကို ပေါင်းစပ်ညှိနှိုင်းနိုင်ဖို့၊ ရလဒ်ကောင်းတွေ ရရှိဖို့၊ အံ့သြဘနန်းတွေ လုပ်ပြဖို့ မျှော်လင့်ခဲ့ကြပါတယ်။ ကျွန်တော့်အမြင်အရ ပိုချက်တီနိုကို တော့ဒ်ဘိုလေ အချိန်ပေးဖို့ လိုအပ်ပါတယ်”

“ကျွန်တော်တို့မြင်တွေ့ထားတဲ့ ကလပ်အသင်းအတွက် အခြေခံအုတ်မြစ်တွေ အမှန်တကယ်ချမှတ်ဖို့ အချိန်ပေးသွားဖို့ လိုအပ်ပါတယ်။ ပယ်နယ်တီလိုအခြေအနေမျိုးမှာ စည်းကမ်းပိုင်းအားနည်းချက်တွေ ရှိနေပါတယ်။ ပိုချက်တီနိုကိုယ်တိုင်လည်း ဒါကို ပြုပြင်ပေးဖို့ ကြိုးစားနေပါတယ်။ အရာအားလုံးကတော့ ခေါင်းဆောင်ဆီမှာပဲ ကျရောက်လာတာပါ။ နည်းဗျူဟာပိုင်းတင်မက ကစားသမားသစ်များစွာနဲ့အတူ စရိုက်လက္ခဏာကောင်းတွေ အသားကျသွားအောင် ချိန်ညှိသွားဖို့ သူ့မှာ အချိန်လိုအပ်ပါတယ်။ ဒါတွေအားလုံး နေ့ချင်းညချင်းဖြစ်လာမယ်လို့ မမျှော်လင့်နိုင်ပါဘူး”လို့ ပြောပါတယ်။

ချဲလ်ဆီးဂန္တဝင်ဂျိုကိုးလ်ကလည်း ပိုချက်တီနိုရဲ့မရေရာတဲ့ အနာဂတ်နဲ့ပတ်သက်လို့ အလားတူခံစားချက်မျိုး ရှိနေကာ အသင်းအနေဖြင့် နောက်မှ နောင်တရစေမယ့် ဆုံးဖြတ်ချက်မျိုး မလုပ်မိစေဖို့ အရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #ဖာဒီနန် #ပရီးမီးယားလိဂ်