ရှေ့သို့
Image

မာဆေးဆိုဒ်ဒါဘီမှာ တည်တည်ငြိမ်ငြိမ်ရှိဖို့ လီဗာပူးကစားသမားတွေကို တိုက်တွန်းလိုက်တဲ့ ကလော့ပ်

2:43 PM, 24 April

ဒီည၊ မာဆေးဆိုဒ်ဒါဘီပွဲစဉ်အတွင်း လီဗာပူး ကစားသမားတွေအနေဖြင့် စိတ်အေးအေးထားကာ ယှဉ်ပြိုင်ကစားကြဖို့ နည်းပြယာဂန်ကလော့ပ်က တိုက်တွန်းလိုက်ပါတယ်။ အနီရောင်တပ်သားတွေက မုန်းတီးမှုအငြိုးတွေကြီးမားလွန်းတဲ့ အိမ်နီးချင်းတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိပြီး အဲဗာတန်ဟာ သူတို့ရဲ့အမှတ်ပေးချန်ပီယံဆုအိပ်မက်ကို အပြီးတိုင်ဖြိုလဲပစ်ဖို့ ရည်မှန်းထားလိမ့်မယ်ဆိုတာ သိရှိထားကြပါတယ်။

အခုပွဲစဉ်ရဲ့သွင်ပြင်လက္ခဏာနဲ့ပတ်သက်လို့ ယာဂန်ကလော့ပ်က “ဒါမျိုးတွေ အသားကျနေခဲ့ပါပြီ။ မာဆေးဆိုဒ်ဒါဘီမှာ ကာရေဂါနဲ့ ဂျရတ်တို့ အနီကတ်ထိခဲ့တဲ့ ဗီဒီယိုမှတ်တမ်းတွေကို ကစားသမားတွေဆီ ပြသဖူးခဲ့တာ ကျွန်တော် အမှတ်ရနေပါသေးတယ်။ ကျွန်တော် ဒါဘီပွဲစဉ်ကို ကြိုက်သလို အဲဗာတန်ကိုလည်း အများကြီးလေးစားပါတယ်။ လူတွေကတော့ အခုလိုဒါဘီပွဲစဉ်မျိုးမှာ အနီကတ်ထိတာ မဆန်းပါဘူးလို့ ရှုမြင်ကြပါလိမ့်မယ်။ ဒါမဟုတ်ပါဘူး၊ လုံးဝမဟုတ်ပါဘူး။ ကျွန်တော်တို့က အခုပွဲစဉ်ကို အနိုင်ရရှိအောင်ကစားဖို့ပဲ သွားရောက်ယှဉ်ပြိုင်ကြတာပါ။ ဒါကပဲ တစ်ခုတည်းသောရည်ရွယ်ချက် ဖြစ်ပါတယ်။ ပွဲစတင်လိုက်ချိန်မှာပဲ ခံစားချက်တွေ အထွဋ်အထိပ်ရောက်ရှိသွားစေမယ့် အခိုက်အတန့်သာဓကတွေ ရှိခဲ့ဖူးပါတယ်။ ဒီနောက်မှာတော့ ပွဲက အနည်းငယ်အထိုင်ကျသွားခဲ့ကြပါတယ်။ ဒါက ဖြစ်သင့်ဖြစ်ထိုက်တဲ့ အနေအထားမျိုးဖြစ်လို့ ဒီလိုဖြစ်လာဖို့ပဲ ကျွန်တော်မျှော်လင့်ပါတယ်”

“လီဗာပူးနည်းပြဘဝအစပိုင်းမှာ ဒါမျိုး လူချကစားနေတာကို ဘာလို့ခွင့်ပြုပေးနေရတာလဲလို့ ကျွန်တော်တွေးမိခဲ့ဖူးပြီး ဒီလိုအရာတွေနဲ့ အသားမကျ ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် နှစ်တွေကြာလာတာနဲ့အမျှ ဒါတွေကို ကျွန်တော် သင်ယူနိုင်ခဲ့ပါတယ်။ အနိမ့်အမြင့်၊ အတက်အကျတွေနဲ့ တကယ့်ကိုထူးရှယ်ပွဲကောင်းတစ်ခု ဖြစ်လာပါမယ်။ ဒီအတွက်ပဲ ကျွန်တော် အပြည့်အဝအာရုံစိုက်ထားပါတယ်။ ခံစားချက်တွေ မထိန်းချုပ်နိုင်တာမျိုး လုံးဝဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါပါပဲ၊ ဆက်စောင့်ကြည့်ကြတာပေါ့”လို့ ပြောပါတယ်။

#လီဗာပူး #ကလော့ပ် #ပရီးမီးယားလိဂ်