ရှေ့သို့
Image

ကလော့ပ်ရဲ့နေရာဆက်ခံဖို့ ရေပန်းစားနေတဲ့ ဖီယင်နုနည်းပြအန်းစလော့

1:46 PM, 24 April

ယာဂန်ကလော့ပ်ထံမှ လီဗာပူးနည်းပြတာဝန်ကို လက်လွှဲရယူဖို့ ဖီယင်နုပဲ့ကိုင်ရှင် အန်းစလော့လည်း ရေပန်းစားနေပါတယ်။

ကလော့ပ်က အခုရာသီကုန်ဆုံးချိန် အန်ဖီးလ်မှ ထွက်ခွာမယ်လို့ ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း တရားဝင်ကြေညာခဲ့ပြီး လီဗာပူးအသင်းဘက်က ဂျာမန်သားကြီးရဲ့နေရာ ဆက်ခံမယ့်သူ ရှာဖွေရေးလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာခဲ့ပါတယ်။ ဒီနောက်မှာ ဖီယင်နုကို ၂၀၂၂-၂၀၂၃ နယ်သာလန်လိဂ်ချန်ပီယံဖြစ်လာအောင် လမ်းပြပေးခဲ့တဲ့ အသက်-၄၅ နှစ်အရွယ် နည်းပြကိုယ်တိုင်လည်း လီဗာပူးရဲ့စံနှုန်းသတ်မှတ်ချက်တွေနဲ့ကိုက်ညီတဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ထွက်ပေါ်လာခဲ့ပါတယ်။

အခုဘောလုံးရာသီမှာလည်း ဖီယင်နုက ဒတ်ချ်ဖလားချန်ပီယံအဖြစ် အောင်ပွဲခံထားနိုင်သလို အမှတ်ပေးဖလား ပြိုင်ပွဲမှာလည်း ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ အန်းစလော့ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ မဆုံးဖြတ်ရသေးပေမယ့် ကလော့ပ်နေရာဆက်ခံဖို့ အလားအလာအရမ်းကောင်းသူတစ်ဦးအဖြစ် သတ်မှတ်ထားကြပါတယ်။

အတိတ်မှာ အန်းစလော့ကို လိဒ်ယူနိုက်တက်၊ တောတ့င်ဟမ်တို့က ချဉ်းကပ်ခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒီနောက်မှာတော့ အန်းစလော့က ဖီယင်နုနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးမြှင့်ခဲ့ပါတယ်။ တော့တင်ဟမ်ရဲ့ချိတ်ဆက်မှုတွေရရှိခဲ့ချိန်အတွင်း အန်းစလော့က “နောက်ထပ်ခြေလှမ်းသစ်က ဟော်လန်အခြေစိုက်ကလပ်အသင်းတစ်ခုတော့ မဖြစ်နိုင်ပါဘူး။ အဲ့ဒီအတိုင်းသာ ဆုံးဖြတ်လိုက်မယ်ဆိုရင် လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ကျွန်တော် လုံး၀ ကျရှုံးသွားပါလိမ့်မယ်။ သာမန်ခြေလှမ်းသစ်တစ်ခုကတော့ ဒီထက်မြင့်တဲ့အဆင့်တစ်ခုဆီ တက်လှမ်းသွားဖို့ပါပဲ။ ပရီးမီးယားလိဂ်ဟာ ကမ္ဘာ့အကောင်းဆုံးလိဂ်ပြိုင်ပွဲဆိုတာ ကျွန်တော် အမြဲတမ်းလိုလို ပြောခဲ့ပါတယ်”လို့ ဆိုပါတယ်။

စလော့ရဲ့တိုက်စစ်ကစားဟန်နဲ့ ကစားသမားတွေကို တိုးတက်လာအောင် ပြုလုပ်နိုင်စွမ်းတွေက လီဗာပူးရဲ့စိတ်ဝင်စားမှုတွေကို စွဲဆောင်နေတယ်လို့ ယုံကြည်ရပါတယ်။ AZ အယ်လ်ခမာမှာ နည်းပြဘဝစတင်ပြီး အောင်မြင်မှုရယူနိုင်ခဲ့တဲ့ စလော့က ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလမှာတော့ ဖီယင်နုနည်းပြ ဖြစ်လာပါတယ်။

ကွင်းလယ်လူဟောင်းက သူ့ရဲ့ကစားသမားဘဝကို နယ်သာလန်ပြည်တွင်း ဘောလုံးလောကမှာပဲ ကျင်လည်ခဲ့ပြီး FC Zwolle နဲ့ NAC ဘရီဒါကလပ်အသင်းတွေအတွက် ပွဲပေါင်း ၁၀၀ ထက်မနည်း ပါဝင်ကစားပေးခဲ့ပါတယ်။ ကလော့ပ်ရဲ့နေရာကိုဆက်ခံဖို့ ဇာဘီအလွန်ဆိုကို ချိတ်ဆက်ခဲ့ဖူးပေမယ့် ကာယကံရှင်ကိုယ်တိုင်က လေဗာကူဆင်မှာပဲ ဆက်ရှိနေမယ်လို့ ပြီးခဲ့တဲ့မတ်လအတွင်း ကြေညာခဲ့ပါတယ်။

လေဗာကူဆင်က စပိန်သားရဲ့ဦးဆောင်မှုနဲ့အတူ ဂျာမန်ချန်ပီယံဖြစ်လာခဲ့ပါပြီ။ စပို့တင်းလစ္စဘွန်းနည်းပြအာမိုရင်ကလည်း လီဗာပူးနည်းပြသစ်ဖြစ်လာဖို့ သတင်းကြီးခဲ့ပေမယ့် သူကိုယ်တိုင် ဒီရာထူးကို မက်မောခြင်းမရှိဘူးလို့ သိရပါတယ်။

#လီဗာပူး #ကလော့ပ် #ပရီးမီးယားလိဂ် #အန်းစလော့