ရှေ့သို့
Image

ချဲလ်ဆီးအသင်းက ပယ်လ်မာကို အရမ်းအားကိုးလွန်းသလိုဖြစ်နေကြောင်း ဝန်ခံသွားတဲ့ ပိုချက်တီနို

1:30 PM, 24 April

နည်းပြ ပိုချက်တီနိုက ချဲလ်ဆီးအသင်းဟာ လူငယ်ကြယ်ပွင့်လေး ကိုးလ်ပယ်လ်မာကို အရမ်းအားကိုးလွန်းသလိုဖြစ်နေကြောင်း အာဆင်နယ်နဲ့ပွဲအပြီးမှာ ဝန်ခံသွားခဲ့ပါတယ်။

ပယ်လ်မာဟာ အဖျားဝေဒနာကြောင့် မနေ့ညက အာဆင်နယ်ကို ၅ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အား လွဲချော်ခဲ့ပါတယ်။ မနေ့ညက ပွဲစဉ်အတွင်း ချဲလ်ဆီးအတွက် သွင်းဂိုးရော ဖန်တီးမှုပါ ပြုလုပ်ပေးနေကျဖြစ်တဲ့ ပယ်လ်မာ မပါဝင်တာက တော်တော်လေးသိသာခဲ့ပါတယ်။

ပွဲအပြီးမှာ ပိုချက်တီနိုက "ပယ်လ်မာပါရင်လည်း ဒီအသင်းက အခုလိုအခြေအနေမျိုးနဲ့ ကြုံတွေ့ရနိုင်တာပါပဲ။ ဒါပေမယ့် ပယ်လ်မာက ကျွန်တော်တို့အတွက် အကောင်းဆုံးလုပ်ပေးနေပါတယ်။ သူက ကျွန်တော်တို့အသင်းရဲ့ ကွင်းလယ်နဲ့တိုက်စစ်ကို ချိတ်ဆက်ပေးတဲ့ တစ်ဦးတည်းသော ကွင်းလယ်ဖန်တီးရှင် ဖြစ်ပါတယ်။ ဒီလိုကစားသမားမျိုး မပါဝင်နိုင်တဲ့အချိန် အစားထိုးရတာ မလွယ်ပါဘူး။ ဒါပေမယ့် သူမပါတဲ့ အခြားကစားသမားတွေ ခြေစွမ်းပြနိုင်မယ့် အခွင့်အရေးတစ်ခုလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ ပြိုင်မကစားနိုင်ခဲ့တာမှန်ကန်ပြီး အဲ့ဒီအတွက် ကစားသမားတွေကို အပြစ်တင်လို့ မရပါဘူး။ ကျွန်တော်တို့က မတည်ငြိမ်တဲ့ခြေစွမ်းတွေကြောင့် အခုလိုအဆင့်မျိုး ရောက်နေတာပါ။ ကျွန်တော်တို့ ခြေစွမ်းဆိုးရွားတဲ့နေ့ဆိုရင် အရမ်းဆိုးရွားတယ်။ အရမ်းကောင်းတဲ့နေ့ကျရင်လည်း အရာရာတိုင်းကို ယှဉ်ပြိုင်နိုင်ပါတယ်။ အဲ့ဒါက ကျွန်တော်တို့ သတိထားရမယ့် အချက်တစ်ခုဖြစ်ပြီး အနာဂတ်မှာ တိုးတက်ရမယ့်အရာလည်း ဖြစ်ပါတယ်"လို့ ပြောခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ စနေညမှာတော့ အက်စတွန်ဗီလာနဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ် ဆက်ကစားရမှာ ဖြစ်ပါတယ်။

#ချဲလ်ဆီး #ပိုချက်တီနို #ပယ်လ်မာ #ပရီးမီးယားလိဂ်