ရှေ့သို့
Image

တန်ဟက် ယူနိုက်တက်မှာ ဆက်ရှိ၊ မရှိက သူ့အလုပ်မဟုတ်ဘူးလို့ ပြောကြားလိုက်တဲ့ ဖာနန်ဒက်စ်

1:45 PM, 23 April

မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ကိုဗင်ထရီနဲ့ ပွဲစဉ်မှာ ရုန်းကန်ခဲ့ရပြီးနောက် ဖိအားတွေ များလာခဲ့တဲ့ မန်နေဂျာအဲရစ်တန်ဟက်နဲ့ ပတ်သက်ပြီး တန်ဟက်အနေနဲ့ အသင်းမှာ ဆက်ရှိဖို့ မရှိဖို့က သူ့အလုပ်မဟုတ်ဘူးလို့ ပြောကြားလာခဲ့ပါတယ်။ တန်ဟက်ရဲ့ယူနိုက်တက်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကိုဗင်ထရီနဲ့ ရင်ဆိုင်ခဲ့တဲ့ပွဲစဉ်မှာ ၃-၀ နဲ့ ဂိုးပြတ်ဦးဆောင်ခဲ့ပြီးမှ ၃-၃ ဆိုတဲ့ရလဒ်အထိ ခွင့်ပြုခဲ့ရပြီး ပင်နယ်တီ အဆုံးအဖြတ်မှသာ အနိုင်ရခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီမှာ အပြောင်းအလဲအချို့ပြုလုပ်ပြီး ကစားသမားသစ်တွေ ခေါ်ယူခဲ့သော်လည်း ယူနိုတက်ကဟာ ပုံစံကောင်းရဖို့ ရုန်းကန်နေရဆဲဖြစ်တာကြောင့် တန်ဟက်ရဲ့ရာထူးဟာ မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။ သို့သော်လည်း ယခုအခါမှာ ဖာနန်ဒက်စ်ကတော့ တန်ဟက်အနေနဲ့ အသင်းမှာ ဆက်ရှိဖို့မရှိဖို့က သူနဲ့မဆိုင်ကြောင်းနဲ့ အသင်းပိုင်ရှင်သစ် ဆာဂျင်မ်ရက်ကလစ်ဖ်ကသာ ဆုံးဖြတ်သွားမယ်လို့ ဆိုလာခဲ့ပါတယ်။

ယူနိုက်တက်အသင်းခေါင်းဆောင်က “နည်းပြကိစ္စက အသင်းရဲ့ဘယ်ကစားသမားပေါ်ကိုမှ သက်ရောက်မှုမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ဥရောဝင်ခွင့်အတွက် လိဂ်မှာ တတ်နိုင်သလောက် အဆင့်ကောင်းကောင်းရဖို့ အာရုံစိုက်နေကြလို့ပါ။ ဒါက အရေးပါဆုံး အချက်ပါပဲ” “ပြီးတော့ ကျွန်တော်တို့ အက်ဖ်အေဖလား ဗိုလ်လုပွဲ ကစားသွားရပါဦးမယ်။ ဒါကြောင့် အသင်းရဲ့အတွင်းမှာပဲဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ် ဖြစ်လာသမျှအရာတွေအကုန်လုံးကို စိတ်ပူနေရမယ့်အချိန်မဟုတ်ပါဘူး။ ဒီကိစ္စတွေကို ကိုင်တွယ်ဖို့ ကျွန်တော်တို့မှာ ပိုင်ရှင်နဲ့ ဒါရိုက်တာတွေရှိပါတယ်။ ကျွန်တော်တို့အလုပ်က အသင်းကို ရလဒ်ကောင်းဖို့နဲ့ ကွင်းထဲမှာ အကောင်းဆုံးစွမ်းဆောင်ရည်တွေပြသဖို့ပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေပြီး အဆင့် ၄ နေရာက အက်စတွန်ဗီလာနဲ့ ၁၆ မှတ်အထိ ကွာဟနေတာကြောင့် ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့က မဖြစ်နိုင်တဲ့အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။ သို့သော်လည်း တန်ဟက်ရဲ့အသင်းဟာ ယူရိုပါလိဂ်ဝင်ခွင့်အတွက်တော့ အခြေအနေကောင်းနေပြီး ရာသီကုန်မှာ အဆင့် ၆ နေရာလောက်အထိ အနည်းဆုံးတက်လှမ်းနိုင်ဖို့ ကြိုးစားသွားရမှာဖြစ်ပါတယ်။

တန်ဟက်အနေနဲ့ ယူနိုက်တက်နည်းပြ ရာထူးမှာ ဆက်လက်ကျန်ရှိနေချင်တယ်ဆိုရင်တော့ လာမယ့်မေလ ၂၅ ရက်နေ့မှာ ကျင်းပမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ အနိုင်ရဖို့ မဖြစ်မနေလိုအပ်နေတယ်လို့ ယူဆရပါတယ်။ လာမယ့် ဗုဒ္ဓဟူးနေ့မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဇယားအောက်ဆုံးက ရှက်ဖီးလ်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ လက်ခံကစားသွားရမှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖာနန်ဒက်စ် #အဲရစ်တန်ဟက် #ပရီးမီးယားလိဂ်