ရှေ့သို့
Image

စီးရီးအေ ဖလားကို ဆွတ်ခူးဖို့ စိတ်ကူးယဉ်ရတာ ခက်ခဲခဲ့တယ်လို့ ဖွင့်ဟပြောကြားလာတဲ့ အင်ဇာဂီ

1:41 PM, 23 April

ယနေ့နံနက်က မီလန်ဒါဘီမှာ အေစီမီလန်ကို ၁-၂ နဲ့ အနိုင်ရပြီးနောက် အီတလီစီးရီးအေ ချန်ပီယံဖြစ်ခဲ့တဲ့ အင်တာမီလန်နည်းပြ အင်ဇာဂီက ဆုဖလားကို ဆွတ်ခူးနိုင်ဖို့ စိတ်ကူးယဉ်ရတာက အလွန်ခက်ခဲခဲ့တယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

အင်ဇာဂီရဲ့အသင်းဟာ ယခုပွဲစဉ်မှာ အေဆာဘီ၊ သူရမ်တို့ရဲ့သွင်းဂိုးတွေနဲ့ ၂ ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပြီး နိုင်ပွဲရရှိဖို့လုံလောက်ခဲ့ကာ ပွဲပြီးဖို့ ၁၀ မိနစ် အလိုမှ ချေပဂိုး ၁ ဂိုးပြန်လည် ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ ပွဲမစခင်မှာ အေစီမီလန်ကို ၁၄ မှတ်အထိ ဖြတ်တောက်ထားနိုင်ခဲ့တဲ့ အင်တာမီလန်ဟာ ပွဲအပြီးမှာတော့ ၁၇ မှတ်အထိ ဖြတ်တောက်နိုင်ခဲ့တာကြောင့် ရာသီမကုန်ခင်မှာပဲ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပါတယ်။

ယခု စီးရီးအေ ဆုဖလားဟာ နည်းပြ အင်ဇာဂီအတွင်း ပထမဆုံးသော စီးရီးအေဖလား ဖြစ်လာခဲ့ပြီး ပြီးခဲ့တဲ့ရာသီကတော့ အင်တာမီလန်ဟာ ကိုပါအီတလီယာနဲ့ စူပါကိုပါအီတလီယာနာဖလားတွေကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ အင်ဇာဂီက “အခုရရှိခဲ့တဲ့ ဆုဖလားကြောင့် ဒီညဟာ လှပတဲ့ညတစ်ညဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့အားလုံး ပျော်ရွှင်ခဲ့ရပါတယ်။ ဆုဖလားအတွက် အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့မိသားစု၊ ဇနီးနဲ့ မိဘတွေကိုလည်း ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ဒါက ပရိသတ်တွေရဲ့ စိတ်အားထက်သန်မှုတွေကြောင့်လည်း အများကြီးပါပါတယ်။ ကျွန်တော် ၃ နှစ်အတွင်းမှာ ဖလား ၆ လုံးနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ၁ ကြိမ်ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီဖလားကို ဆွတ်ခူးနိုင်ဖို့တော့ ခက်ခက်ခဲခဲစိတ်ကူးယဉ်ခဲ့ရတာပါ။ ကစားသမားတွေကို ကျေးဇူးတင်ပါတယ်။ မီလန်ဒါဘီမှာ အနိုင်ရခဲ့လို့လည်း ဂုဏ်ယူမိပါတယ်။ သူတို့က တကယ်ကောင်းတဲ့ အသင်းဖြစ်ပြီး ဒီ ၃ နှစ်အတွင်းမှာ အဆုံးထိ လုံးဝအရှုံးမပေးတတ်တဲ့ ခက်ခဲတဲ့ ပြိုင်ဘက်တွေပါ။ လာမယ့်နှစ်တွေမှာလည်း ဒီလိုပဲဖြစ်နေဦးမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အီတလီသားက သူ့ရဲ့အသင်းဟာ ဒီညပွဲစဉ် မတိုင်ခင်ကတည်းက ဒီပွဲမှာ ဆုဖလားကိုင်မြှောက်နိုင်ဖို့ ရည်ရွယ်ထားကြောင်းကို “ကျွန်တော်တို့ ဒီညမှာ အနိုင်ယူပြီး ဆုဖလား ဆွတ်ခူးချင်ခဲ့ပါတယ်။ ဒီမနက် လေ့ကျင့်ရေးအစီအစဉ် မိုးရေထဲမှာ ဒီအကြောင်းကို ပြောခဲ့ကြပါတယ်။ အသင်းရဲ့ကစားသမားတွေက မိုးရေထဲမှာ လေ့ကျင့်ခဲ့ရပေမယ့် တစ်ယောက်မှ စောဒကမတက်ခဲ့ကြပါဘူး။ ကျွန်တော်တို့ ဒီမနက်မှာ အလုပ်ကြိုးစားခဲ့ပြီး အထူးသဖြင့် နေရာယူပုံတွေကို အသေးစိတ်လေ့ကျင့်ခဲ့ကြပါတယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

#စီးရီးအေ #အေစီမီလန် #အင်ဇာဂီ