ရှေ့သို့
Image

မိုယက်စ်နေရာမှာ လီဗာပူးပစ်မှတ်နဲ့ အစားထိုးဖို့ ပြင်ဆင်နေတဲ့ ဝက်စ်ဟမ်း

12:20 PM, 23 April

ဝက်စ်ဟမ်းအသင်းဟာ လီဗာပူးအသင်း ပစ်မှတ်ထားနေတဲ့ စပို့တင်းနည်းပြ အာမိုရင်ကို မိုယက်စ်နေရာမှာအစားထိုးဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အခုအပတ်အစောပိုင်း သတင်းတွေအရ ဝက်စ်ဟမ်းဟာ မိုယက်စ်နေရာမှာ အာမိုရင်နဲ့အစားထိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အာမိုရင်ဟာ ကလော့ပ်နေရာမှာ အစားထိုးမယ့်သူအဖြစ် ရေပန်းစားနေပေမယ့် အခုချိန်မှာတော့ ဝက်စ်ဟမ်းနဲ့ အားပြိုင်ရတော့မှာဖြစ်ပါတယ်။ မိုယက်စ်ရဲ့ စာချုပ်သက်တမ်းက နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပြီး သတင်းတွေအရ ဝက်စ်ဟမ်း အသင်းဟာ အာမိုရင်ရဲ့ကိုယ်စားလှယ်တွေနဲ့အပြင် ဝုဗ်နည်းပြဟောင်း လိုပက်တီကူနဲ့ စကားပြောနေတယ်လို့ သိရပါတယ်။

ပေါ်တူဂီသတင်းတွေအရ အာမိုရင်ဟာ ဝက်စ်ဟမ်း အသင်းပိုင်ရှင်တွေနဲ့ ဆွေးနွေးဖို့ လန်ဒန်ကို လေယာဉ်နဲ့ထွက်ခွာခဲ့တယ်လို့ သိရပါတယ်။ တနလာၤနေ့က လေ့ကျင့်ခန်းအစီအစဉ်အပြီးမှာ အာမိုရင်တစ်ယောက် ပေါ်တူဂီမြေကနေ ထွက်ခွာခဲ့တယ်လို့ ဆိုပါတယ်။

ပေါ်တိုနဲ့ပွဲမတိုင်ခင် ပေါ်တူဂီမြေကနေ ထွက်ခွာခဲ့တာဖြစ်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ မိုယက်စ်ကတော့ သူ့အနေနဲ့ စာချုပ်သစ် ကမ်းလှမ်းထားပြီး ဆက်နေဖြစ်မလား ထွက်ခွာမလားဆိုတာ မသိရသေးတာဖြစ်ပါတယ်။ တကယ်လို့ မိုယက်စ် ထွက်ခွာခဲ့ရင် ဝက်စ်ဟမ်းအသင်းက သူ့နေရာမှာ အာမိုရင်၊ လိုပက်တီကူ၊ လိုင်လီနည်းပြ ဖွန်ဆီကာ ၊ အစ်ဆွစ်တောင်းနည်းပြ မက်ကန်နာတို့ကို ပစ်မှတ်ထားနေပါတယ်။

အသက် ၃၉ နှစ်သားဟာ စပို့တင်းအသင်းကို ၄ ရာသီအတွင်း ၂ ကြိမ်မြောက်ဆုဖလား ရအောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။ အာမိုရင်ကို ခေါ်ယူမယ့်အသင်းတွေအနေနဲ့ ပေါင် ၁၂.၈ သန်းနဲ့ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။

ပေါ်တူဂီသတင်းတွေအရ အာမိုရင်နဲ့ လီဗာပူးတို့ကြား သဘောတူညီမှု ရရှိထားပြီးဖြစ်တယ်လို့ ဖော်ပြနေကြပါတယ်။ လီဗာပူးစီအီးအို မိုက်ကယ်အက်ဒ်ဝါ့ဒ်နဲ့ အားကစားဒါရိုက်တာ ရစ်ချက်တို့ကတော့ အလွန်ဆိုကို အားသန်နေပါတယ်။

လိုပက်တီဂူက ဝက်စ်ဟမ်း အတွက် ရွေးချယ်စရာဖြစ်နေပြီး အသက် ၅၇ နှစ်သားဟာ ဝုဗ်အသင်းကနေ ထွက်ခွာပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေပါတယ်။ ဝက်စ်ဟမ်း အသင်းဟာ ယူရိုပါလိဂ်ကနေ ထွက်ခွာခဲ့ရသလို ခရစ္စတယ်ပဲလေ့စ်ကိုလည်း ၅-၂ နဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်စိတ်ပျက်မိပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့ကို လာအားပေးတဲ့ပရိသတ်တွေ အတွက် ရှက်မိပါတယ်။ ရလဒ်တွေအတွက် ကျွန်တော် အသင်းနည်းပြ တစ်ဦးအနေနဲ့ တာဝန်အပြည့်ရှိပါတယ်”လို့ မိုယက်စ်က ပြောကြားခဲ့ပါတယ်။

#လီဗာပူး #ဝက်စ်ဟမ်း #မိုယက်စ် #ပရီးမီးယားလိဂ် #အာမိုရင်