ရှေ့သို့
Image

ယူနိုက်တက်မှာ သူမလိုချင်ခဲ့တဲ့ ကစားသမားတွေ ရှိနေဆဲပဲလို့ ဆိုလိုက်တဲ့ နည်းပြဟောင်း မော်ရင်ဟို

9:43 AM, 23 April

သူတာဝန်ယူခဲ့စဉ်ကာလ သဘောမကျခဲ့တဲ့ ကစားသမားတွေ လက်ရှိအသင်းလူစာရင်းမှာ ရှိနေဆဲဖြစ်တယ်လို့ မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုက ပြောဆိုလိုက်ပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြက ၂၀၁၆ ခုနှစ်၊ နွေရာသီမှာ ယူနိုက်တက်ဆီ ရောက်ရှိလာခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ရာထူးမှ မထုတ်ပယ်ခံရခင်အချိန်အထိ အသင်းကို ပွဲစဉ်ပေါင်း ၁၄၄ ပွဲအထိ ကိုင်တွယ်ပေးခဲ့ပါတယ်။ ဒီကာလတွေအတွင်း မော်ရင်ဟိုက အသင်းနဲ့အတူ ကွန်မြူနတီဒိုင်း၊ ကာရာဘောင်ဖလားနဲ့ ယူရိုပါလိဂ်ချန်ပီယံဆုတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

လက်ရှိမှာ ရိုးမားနည်းပြ ရာထူးကို ဆုံးရှုံးထားရတဲ့ မော်ရင်ဟိုက ယူနိုက်တက်စီးအီးအိုဟောင်း အက်ဒ်ဝါ့ဒ်နဲ့ သူ့အကြား ဆက်ဆံရေးကို ဖွင့်ဟလာခဲ့ပြီး လက်ရှိအသင်း လူစာရင်းကို အပြောင်းအလဲလုပ်ဖို့ စီစဉ်ခဲ့တယ်လို့ အရိပ်အမြွက် ထုတ်ပြောလာပါတယ်။

The Telegraph သတင်းဌာနနဲ့အင်တာဗျူးမှာ မော်ရင်ဟိုက “အသင်းဘက်က တန်ဟက်ဆီပေးထားတဲ့ ယုံကြည်မှုမျိုး ကျွန်တော့်လက်ထက်တုန်းက မရရှိခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော် ဝမ်းနည်းမိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကိုယ်တိုင် လုပ်ငန်းစဉ်ရဲ့အစမှာပဲ ရှိနေခဲ့တယ်လို့ ခံစားမိခဲ့ရလို့ပါ။ သူတို့သာ ကျွန်တော့်အပေါ်မှာရော၊ ကျွန်တော့်ရဲ့အတွေ့အကြုံပိုင်းအပေါ်မှာပါ ယုံကြည်မှုရှိခဲ့မယ်ဆိုရင် အရာရာတိုင်းခြားနားသွားလိမ့်မယ်လို့ တချို့အခိုက်အတန့်တွေမှာ ကျွန်တော်ခံစားမိခဲ့ပါတယ်။ လွန်ခဲ့တဲ့လေးငါးခြောက်နှစ်လောက်က ကျွန်တော်ကိုယ်တိုင် မလိုချင်ခဲ့တဲ့ ကစားသမားတွေ အသင်းမှာ ရှိနေဆဲဖြစ်ပါတယ်။ သူတု့ိတွေက တိကျတဲ့ရည်မှန်းချက် တစ်ခုရှိတဲ့ ကလပ်အသင်းကြီးတစ်ခုကို ကိုယ်စားပြုဖို့ လုံလောက်ကောင်းမွန်တဲ့ ပရော်ဖက်ရှင်နယ်မှတ်တမ်းကောင်းမရှိတဲ့ ကစားသမားတွေဖြစ်တယ်လို့ ကျွန်တော် ယူဆမိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် ကိုယ့်အလုပ်ကိုပဲ လုပ်ဖြစ်ခဲ့ပါတယ်။ အချိန်က စကားပြောသွားပါလိမ့်မယ်။ မန်ချက်စတာယူနိုက်တက်အောင်မြင်မှုတွေကို ကျွန်တော် အကြိုက်တွေ့မိပါလိမ့်မယ်”လို့ ပြောပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြ ဘဝမှာ မော်ရင်ဟိုက ပေါလ်ပေါ့ဂ်ဘာ၊ အီဘရာဟီမိုဗစ်ချ်နဲ့ လူကာကူတို့လို ပုံရိပ်မြင့်ကြယ်ပွင့် ကစားသမားတွေကို ခေါ်ယူခဲ့သလို ရက်ရှ်ဖို့ဒ်၊ မာရှယ်တို့ကိုလည်း အိုးထရက်ဖို့ဒ်မှာ ပုံမှန်ပါဝင်ကစားနိုင်ဖို့ စီမံပေးခဲ့ပါတယ်။ ချဲလ်ဆီးနည်းပြဟောင်းက လက်ရှိဘယ်အစွန်နောက်ခံလူ လုခ်ရှောရဲ့ကြံ့ခိုင်မှု၊ ခြေစွမ်းတည်ငြိမ်မှုအပိုင်းနဲ့ ပတ်သက်လို့ လူသိရှင်ကြား ဝေဖန်ခဲ့လို့ ကစားသမားနဲ့ နည်းပြအကြား အေးစက်တဲ့ ဆက်ဆံရေးတစ်ခု ရှိခဲ့ဖူးပါတယ်။

 

#ရိုးမား #မန်ချက်စတာယူနိုက်တက် #မော်ရင်ဟို #ပရီးမီးယားလိဂ်