ရှေ့သို့
Image

မီလန်ဒါဘီနိုင်ပွဲနဲ့ အတူ စီးရီးအေချန်ပီယံဖြစ်လာတဲ့ အင်တာမီလန်

9:06 AM, 23 April

ဒီနေ့မနက်ပိုင်း၊ မီလန်ဒါဘီစီးရီးအေပွဲစဉ်မှာ အေစီမီလန်ကို ၂-၁ ဂိုးဖြင့် အနိုင်ယူပြီးနောက် အင်တာမီလန်က အသင်းသမိုင်းတလျှောက် အကြိမ် ၂၀ မြောက် စကူဒက်တိုချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အနီကတ်သုံးကတ်အထိ မြင်တွေ့ခဲ့ရတဲ့ အခုပွဲစဉ်မှာ တိုမိုရီက အေစီမီလန်အတွက် နောက်ကျချေပဂိုး သွင်းယူပေးခဲ့ပေမယ့် အင်တာမီလန်အတွက် အဆာဘီ၊ မားကပ်စ်သူရမ်တို့ရဲ့ သွင်းဂိုးတွေက နိုင်ပွဲရယူနိုင်ရေး လုံလောက်စေခဲ့ပါတယ်။

အင်တာမီလန်က အခုရာသီ၊ စီးရီးအေပွဲစဉ်ငါးပွဲ ကစားရဖို့ ကျန်ရှိနေသေးချိန်မှာပဲ အနီးဆုံးပြိုင်ဘက်ကို ၁၇ မှတ်အထိဖြတ်ကာ ပြတ်ပြတ်သားသားဦးဆောင်ထားနိုင်လို့ အခုရာသီ စီးရီးအေ ချန်ပီယံအသင်း ဖြစ်လာခဲ့ပါတယ်။ ဒီမှတ်တမ်းက ပြီးခဲ့တဲ့ရာသီချန်ပီယံ နာပိုလီ၊ ၂၀၁၉ ခုနှစ်ချန်ပီယံ ဂျူဗင်တပ်စ်၊ ၁၉၅၆ ခုနှစ်ချန်ပီယံ ဖီအိုရင်တီးနား၊ ၁၉၄၈ ခုနှစ်ချန်ပီယံ တိုရီနိုနဲ့ ၂၀၀၇ ခုနှစ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ အင်တာမီလန်တို့လိုပဲ ရာသီမသိမ်းခင်သင်္ချာနည်းအရ အစောဆုံးချန်ပီယံဘွဲ့သိမ်းပိုက်မှု ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် စီးရီးအေ သမိုင်းတလျှောက် ပထမဆုံးအကြိမ်မီလန်ဒါဘီပွဲစဉ်တစ်ခုရဲ့ရလဒ်ပိုင်းက ချန်ပီယံဆုရဲ့ဦးတည်ရာ နေရာကို အဆုံးအဖြတ်ပေးနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

အလားတူ အင်တာမီလန်က စီးရီးအေ ချန်ပီယံဆုကို အကြိမ် ၂၀ မြောက် သိမ်းပိုက်နိုင်ခြင်းဖြစ်လို့ လာမယ့်ရာသီ၊ သူတို့အသင်းဂျာစီမှာ ဒုတိယမြောက်ကြယ်ပွင့်ကို တပ်ဆင်အသုံးပြုနိုင်ပါလိမ့်မယ်။

#စီးရီးအေ #အေစီမီလန် #အင်တာမီလန်