ရှေ့သို့
Image

လာလီဂါရဲ့ ဂိုးလိုင်းနည်းပညာကင်းမဲ့မှုကို ပြစ်တင်ဝေဖန်လိုက်တဲ့ တာစတီဂန်

3:49 PM, 22 April

ဘာစီလိုနာဂိုးသမား တာစတီဂန်ဟာ ယနေ့နံနက်ယှဉ်ပြိုင်ခဲ့တဲ့ အယ်လ်ကလက်စီကိုပွဲစဉ်မှာ မဟာပြိုင်ဘက်ရီးရဲလ်မက်ဒရစ်ကို ၃-၂ နဲ့ရှုံးနိမ့်ခဲ့ပြီးနောက် လာလီဂါလိဂ်ရဲ့ ဂိုးလိုင်းနည်းပညာကင်းမဲ့မှုကို ပြစ်တင်ဝေဖန်လာခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ ဘာစီလိုနာဟာ ပထမပိုင်းအတွင်း ၁-၂ ဆိုတဲ့ရလဒ်ဖြစ်စေမယ့် တောင်ပံကစားသမား လာမိုင်းယာမယ်ရဲ့သွင်းဂိုးကို ပယ်ဖျက်ခံခဲ့ရတာဖြစ်ပါတယ်။ ယာမယ်ရဲ့ကန်ချက်ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ဂိုးစည်းကိုကျော်လွန်ပြီးမှာ ဂိုးသမား လူနင်က ကာကွယ်နိုင်ခဲ့တာဖြစ်သော်လည်း ကွင်းလယ်ဒိုင်ကတော့ ဂိုးအဖြစ်သတ်မှတ်ပေးခဲ့ခြင်းမရှိပါဘူး။ 


အဆိုပါဂိုးကို VAR နဲ့ပြန်လည်စစ်ဆေးခဲ့ပေမယ့် ဂိုးအဖြစ်မသတ်မှတ်ခဲ့တာကြောင့် ပွဲအပြီးမှာတော့ ပေါက်ကွဲနေတဲ့ ဘာစီလိုနာဂိုးသမား တာစတီဂန်က “ဒီလိုအဖြစ်အပျက်က ရှက်စရာပါ။ ဒါကို ဂိုးအဖြစ်ဖော်ပြနိုင်တဲ့ ရိုက်ချက်တွေအများကြီးရှိပါတယ်။ ကျွန်တော့်ရဲ့မကျေနပ်ချက်ကို စကားနဲ့ဖော်ပြလို့တောင်မရပါဘူး။ ဒီလိဂ်မှာ ပိုက်ဆံတွေအများကြီးရှိပေမယ့် ဒီလို အရေးပါတဲ့ အရာတွေမှာတော့ အသုံးမပြုကြဘူးထင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 


ဒါ့အပြင် တာစတီဂန်ဟာ ရီးရဲလ်မက်ဒရစ် ပထမချေပဂိုးသွင်းယူခဲ့တဲ့ ပင်နယ်တီပြစ်ဒဏ်ဘောနဲ့ပတ်သက်ပြီးတော့လည်း ကျေနပ်ခြင်းမရှိကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါပင်နယ်တီမှာ ရီးရဲလ်မက်ဒရစ်ကစားသမား လူးကပ်စ်ဗက်ဇ်ကွက်ဇ်ရဲ့ ကျော်ြဖတ်မှုကို ဘာစီလိုနာနောက်ခံလူ ကူဘာစီက ဟန့်တားရာမှာ မသေမသပ်ဖြစ်ခဲ့ပြီး  ကွင်းလယ်ဒိုင်က ပင်နယ်တီပြစ်ဒဏ်ဘောသတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။ 


တာစတီဂန်က “လူးကပ်စ်ဗက်ဇ်ကွက်ဇ်က အတော်လေး ဉာဏ်ကောင်းခဲ့ပြီး သူ အလကားသက်သက် ပင်နယ်တီရှာခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

ယခုလိုရှုံးနိမ့်ခဲ့မှုကြောင့် ဘာစီလိုနာဟာ ရီးရဲလ်မက်ဒရစ်နဲ့ ၁၁ မှတ်အထိ ကွာဟသွားခဲ့ပြီး ရာသီကုန်ဖို့ကလည်း ၆ ပွဲသာကျန်ရှိတော့တာကြောင့် ချန်ပီယံဆုအတွက် အတော်လေးခက်ခဲတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ 

#လာလီဂါ #ဘာစီလိုနာ