ရှေ့သို့
Image

အက်ဖ်အေဖလားရပြီးမှ တန်ဟက်ကိုထုတ်မယ်ဆိုရင်တော့ ယူနိုက်တက်လွန်ရာကျမယ်လို့ ထောက်ပြလိုက်တဲ့ ဂယ်ရီနဗီးလ်

1:56 PM, 22 April

မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ဂယ်ရီနဗီးလ်က အသင်းအနေနဲ့ လက်ရှိနည်းပြအဲရစ်တန်ဟက်ကို အက်ဖ်အေဖလားရပြီးမှ ရာထူးကနေထုတ်ပယ်မယ်ဆိုရင်တော့ အခက်အခဲတွေနဲ့ ကြုံတွေ့ရနိုင်တယ်လို့ ထောက်ပြပြောဆိုလာခဲ့ပါတယ်။ 


ယမန်နေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ယူနိုက်တက်ဟာ ကိုဗင်ထရီကို မထင်မှတ်ထားတဲ့ အခြေအနေအထိ ယှဉ်ပြိုင်ခဲ့ရပြီး အနိုင်ရလဒ်ကိုတော့ အရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ချန်ပီယံရှစ်ကလပ်က ၃-၀ နဲ့ ဂိုးပြတ်ဦးဆောင်ထားပြီးကာမှ ၃-၃ ဆိုတဲ့ ရလဒ်အထိ ပြန်လည်ခွင့်ပြုခဲ့ရတာကြောင့် အချိန်ပိုနဲ့ ပင်နယ်တီအဆုံးအဖြတ်အထိ ဆက်လက်ကစားခဲ့ရတာဖြစ်ပါတယ်။ 

သို့သော်လည်း ပင်နယ်တီအဆုံးအဖြတ်မှာတော့ တန်ဟက်ရဲ့အသင်းဟာ အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီး ယခုအခါမှာ ဗိုလ်လုပွဲကိုတက်ရောက်သွားပြီဖြစ်တာကြောင့် လက်ရှိချန်ပီယံမန်စီးတီးနဲ့ ယှဉ်ပြိုင်သွားရတော့မှာဖြစ်ပါတယ်။ 


ယခုရာသီမှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရသလို၊ ချန်ပီယံလိဂ်ပြိုင်ပွဲကနေလည်း စောစောစီးစီးထွက်ခွာခဲ့ရသော်လည်း ဂယ်ရီနဗီးလ်ကတော့ နောက်ဆုံးကျန်ရှိတဲ့ အက်ဖ်အေဖလားကို ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင်တော့ အသင်းအနေနဲ့ မန်နေဂျာ အဲရစ်တန်ဟက်ကို ထုတ်ပယ်ဖို့ ခက်ခဲနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ 


နောက်ခံလူဟောင်းက “သူ့အနေနဲ့ အက်ဖ်အေဖလားကို ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင်တော့ ယူနိုက်တက်အနေနဲ့ အသင်းရဲ့ ပထမဆုံး ရာသီ ၂ ခုမှာ ဆုဖလား ၂ လုံးဆွတ်ခူးပေးနိုင်တဲ့ နည်းပြကို ထုတ်ပယ်ဖို့ ခက်ခဲသွားပါလိမ့်မယ်။ ဆုဖလားတွေ ဆွတ်ခူးနိုင်တဲ့ အင်အားကို လျှော့တွက်လို့မရပါဘူး။ အသင်းရဲ့အဓိကရည်မှန်းချက်က ဆုဖလားရဖို့ပါပဲ။ အသင်းရဲ့အဖွဲ့အစည်းမှာ တန်ဟက်ကို ထုတ်ပယ်ဖို့ အခွင့်အရေးကောင်းရှိပေမယ့် ဒီလိုဆုဖလားတွေ ဆွတ်ခူးထားနိုင်ရင်တော့ မလွယ်ပါဘူး” လို့ပြောကြားခဲ့ပါတယ်။ 


တန်ဟက်ရဲ့အသင်းဟာ လက်ရှိပရီးမီးယားလိဂ်မှာတော့ အဆင့် ၄ နေရာက အက်စတွန်ဗီလာနဲ့ ၁၆ မှတ်အထိကွာဟနေတာကြောင့် ရာသီကုန်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့လွဲချော်ဖို့က သေချာသလောက်ဖြစ်နေပါတယ်။ လက်ရှိအချိန်အထိတော့ အသင်းပိုင်ရှင်သစ် ဆာဂျင်မ်ရက်ကလစ်ဖ်ဟာ နည်းပြရာထူးနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ဆုံးဖြတ်ချက်မချရသေးဘူးဆိုပေမယ့် ပြောင်းလဲမှုတွေကိုတော့ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။၊ မကြာသေးမီ လများအတွင်းမှာ ယူနိုက်တက်ဟာ နည်းပြသစ်ရာထူးအတွက် ဂရေဟမ်ပေါ်တာနဲ့ ဂါရတ်ဆောက်ဂိတ်တို့ကို ချိတ်ဆက်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ထားပါတယ်။ 

#မန်ချက်စတာယူနိုက်တက် #ဂယ်ရီနဗီးလ် #အက်ဖ်အေဖလား