ရှေ့သို့
Image

လာလီဂါမှာ ဂိုးလိုင်းနည်းပညာမရှိတာ ရှက်စရာပဲလို့ ဝေဖန်လာတဲ့ ဘာစီလိုနာအသင်း

1:35 PM, 22 April

ဘာစီလိုနာဂိုးသမား တာစတီဂန်နဲ့ အသင်းနည်းပြ ဇာဗီဟာနန်ဒက်ဇ်တို့ဟာ ယနေ့နံနက်က အယ်လ်ကလက်စီကိုပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ကို ၃-၂ နဲ့ရှုံးနိမ့်ခဲ့ပြီးနောက် လာလီဂါလိဂ်မှာ ဂိုးလိုင်းနည်းပညာမရှိတာက အလွန်ရှက်စရာကောင်းတယ်လို့ ဝေဖန်ပြောဆိုလာခဲ့ပါတယ်။ 


ယခုပွဲစဉ်ရဲ့ပထမပိုင်းမှာ ဘာစီလိုနာဟာ တောင်ပံကစားသမား လာမိုင်းယာမယ်ရဲ့ ကန်ချက်ကြောင့် ရီးရဲလ်မက်ဒရစ်ဂိုးသမား လူနင်နဲ့ထိပြီး ဂိုးစည်းကိုကျော်လွန်ခဲ့သော်လည်း ဂိုးအဖြစ်သတ်မှတ်ပေးခဲ့ခြင်းမရှိပါဘူး။ ထို့နောက်ဒုတိယပိုင်းမှာတော့ ကွင်းလယ်လူ ဂျုဒ်ဘယ်လင်ဟမ်ရဲ့ နောက်ကျအနိုင်ဂိုးနဲ့အတူ ရီးရဲလ်မက်ဒရစ်က ဆန်တီယာဂိုဘာနေဗျူးမှာအောင်ပွဲခံခဲ့ပြီး ဘာစီလိုနာကတော့ အမှတ်ဗလာနဲ့အိမ်ပြန်ခဲ့ရပါတယ်။ 


ယခုနိုင်ပွဲကြောင့် ရီးရဲလ်မက်ဒရစ်ဟာ ဘာစီလိုနာကို ရမှတ် ၁၁ မှတ်အထိဖြတ်တောက်နိုင်ခဲ့ပြီး လာလီဂါပွဲစဉ်ကလည်း ၆ ပွဲသာကျန်ရှိတော့တာကြောင့် ဆုဖလားနဲ့ လက်တစ်ကမ်းအလိုကို ရောက်ရှိလာခဲ့ပြီလို့ ဆိုရမှာဖြစ်ပါတယ်။

 ပွဲအပြီးမှာတော့ ဘာစီလိုနာဂိုးသမား တာစတီဂန်က “အဲဒီဂိုးစည်းပေါ်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ ကျွန်တော်လည်းမပြောပြတတ်တော့ပါဘူး။ ဒါက ဘောလုံးလောကအတွက် ရှက်စရာဖြစ်ရပ်ပါ။ ဒီနယ်ပယ်မှာ ပိုက်ဆံတွေအများကြီးရှိပေမယ့် အရေးကြီးတဲ့နေရာမှာတော့ သုံးထားနိုင်တဲ့ပုံမပေါ်ပါဘူး။ အခြားလိဂ်တွေမှာရှိနေတဲ့နည်းပညာကို ဒီလိဂ်မှာမသုံးတာ ဘာကြောင့်လဲဆိုတာတော့ ကျွန်တော်လည်းမသိပါဘူး” လို့ပြောကြားခဲ့ပါတယ်။ 


ဇာဗီကလည်း “ကျွန်တော် တာစတီဂန်ပြောတာကို အပြည့်အဝသဘောတူပါတယ်။ ဂိုးလိုင်းနည်းပညာမရှိတာ အတော်ရှက်စရာပါ။ ဒီလိဂ်က ကမ္ဘာ့အကောင်းဆုံးလိဂ်လို့ ပြောချင်ရင်တော့ ဒါကို မဖြစ်မနေလိုအပ်ပါတယ်။ ဒီနေ့ပွဲစဉ်နဲ့ ပတ်သက်ပြီး တရားမျှတမှုမရှိသလို ခံစားရပါတယ်။ ပွဲမစခင်ကတည်းက ဒိုင်လူကြီးတွေအနေနဲ့ မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ဖို့ မျှော်လင့်တယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်ပြောသလိုဖြစ်မလာခဲ့ပါဘူး” လို့ပြောကြားခဲ့ပါတယ်။ 


ဆက်လက်ပြီး ဇာဗီက “ဒီပွဲရဲ့ ဒုတိယပိုင်းမှာ အသင်းကပိုကောင်းခဲ့ပြီး ဒီအတွက် ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးကြိုးစားခဲ့ပေမယ့် အချို့အမှားလေးတွေကြောင့် ရှုံးနိမ့်ခဲ့ရပါတယ်။ ပုံမှန်အားဖြင့်တော့ ဒီပွဲက ကျွန်တော်တို့ နိုင်သင့်တဲ့ပွဲပါ။ ဖန်တီးမှုတွေပိုမိုပြုလုပ်နိုင်ခဲ့ပြီး ပွဲကိုလည်း ထိန်းချုပ်နိုင်ခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 


ဇာဗီဟာ ရာသီကုန်မှာ အသင်းကနေနုတ်ထွက်မယ်လို့ ကြေညာထားပြီးဖြစ်သော်လည်း ဒီအပတ်အတွင်း ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင်နဲ့ ရီးရဲလ်မက်ဒရစ်ကို မရှုံးနိမ့်ခင်မှာ အသင်းမှာဆက်နေဖို့ တောင်းဆိုမှုတွေနဲ့ ကြုံတွေ့ခဲ့ပါတယ်။ သို့သော်လည်း ဇာဗီကတော့ “အခုချိန်က အနာဂတ်အကြောင်း ပြောနေရမယ့်အချိန်မဟုတ်ပါဘူး။ ကျွန်တော်တို့ လာမယ့် ဗလင်စီယာနဲ့ပွဲအတွက် အာရုံစိုက်နေပြီး ဒီရှုံးနိမ့်မှုကို ချေဖျက်ဖို့ကြိုးစားသွားရပါမယ်။ ကျွန်တော်တို့ ကစားဖို့ ၆ ပွဲကျန်နေသေးပြီး လုပ်စရာရှိတာဆက်လုပ်သွားရပါမယ်။ ဒါပေမယ် လာလီဂါက ၃၈ ပွဲပဲကစားရတာဖြစ်လို့ ရီးရဲလ်မက်ဒရစ်ကိုတော့ ဂုဏ်ပြုရပါမယ်။ သူတို့က ဒီရာသီတစ်ခုလုံးမှာ ရှုံးပွဲတစ်ပွဲသာရှိခဲ့ပြီး အမှတ်ပေးဖလားနဲ့ လက်တွေ့ကျကျထိုက်တန်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

#လာလီဂါ #ဘာစီလိုနာ #ရီးရဲလ်မက်ဒရစ်