ရှေ့သို့
Image

ဝင်ဘာလေမှာ အနိုင်ဂိုးသွင်းယူနိုင်ဖို့ စိတ်ခံစားချက်မျိုးစုံကနေ ရုန်းထခဲ့ရတယ်လို့ ဆိုလိုက်တဲ့ ဘာနာဒိုဆေးလ်ဗား

11:19 AM, 22 April

အက်ဖ်အေဖလား ဆီမီးဖိုင်နယ် အနိုင်ဂိုးသွင်းယူမှုနှင့်အတူ သူ့ရဲ့ဥရောပပြိုင်ပွဲ ပင်နယ်တီလွဲချော်မှုကနေ ပြန်လည်ရုန်းထပြီးဖို့ ခံစားချက်မျိုးစုံကို ဖြတ်သန်းခဲ့ရကြောင်း ဘာနာဒိုဆေးလ်ဗားက ဝန်ခံခဲ့ပါတယ်။

ပေါ်တူဂီကွင်းလယ်ကစားသမားဟာ စနေနေ့က ဝင်ဘလေတွင် ချဲလ်ဆီးကို ၁-၀ ဂိုးဖြင့်အနိုင်ရရှိမှုတွင် ဖိုင်နယ်သို့ရောက်ရှိနိုင်ဖို့ မန်စီးတီးအတွက် နောက်ကျဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။


မန်စီးတီးဟာ ဗုဒ္ဓဟူးနေ့က ရီးရဲလ်မက်ဒရစ်ကိုရှုံးနိမ့်ကာ ချန်ပီယံလိဂ်မှ ထွက်ခွာခဲ့ရပြီးနောက် ၃ ရက်မပြည့်မီတွင် ချဲလ်ဆီးနှင့် ကစားခဲ့ရတာဖြစ်ပါတယ်။

ဆေးလ်ဗားဟာ ၈၄ မိနစ်တွင် ဂိုးသွင်းပြီးနောက် ပြင်းထန်တဲ့ ခံစားချက်များစွာကို ထုတ်ဖော်ပြသခဲ့ပြီး အကြီးအကျယ်အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။


ဆေးလ်ဗားက "ကျွန်တော်တို့အားလုံးအတွက် အလွန်စိတ်ပျက်စရာကောင်းတဲ့ ရက်သတ္တပတ်တစ်ခုအပြီးမှာ အနိုင်ရရှိခဲ့ပြီး ဖိုင်နယ်သို့တက်လှမ်းဖို့နဲ့ နောက်ထပ်ဆုဖလားတစ်ခုရဖို့ အခွင့်အရေးရသွားတာ ကောင်းပါတယ်။ ကျွန်တော်တို့ ပျော်ပါတယ်"


"ဗုဒ္ဓဟူးနေ့ဟာ ကျွန်တော့်အတွက် စိတ်ပျက်စရာကောင်းတဲ့ညပါပဲ။ အရမ်းခက်တယ်ပြီး ပထမညကဆိုရင် သိပ်အိပ်မပျော်ပါဘူး။ ဒုတိယညမှာတော့ နည်းနည်းပိုကောင်းပြီး တတိယညမှာ တစ်ညလုံးနီးပါး အိပ်ပျော်ပါတယ်"

"အဲဒါမြင်တဲ့အတိုင်းပါပဲ။ ဒါဟာ ဘောလုံးပါပဲ ကျွန်တော်တို့က ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်ပြီး အဲဒီခံစားချက်တွေကို ကိုင်တွယ်ဖြေရှင်းရမှာပါ"

"ဒီအသင်းရဲ့ တုံ့ပြန်ပုံက အမြဲတမ်းကောင်းပါတယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့ ပုံစံကောင်းကို ပြသခဲ့ပြီး ဘာပဲဖြစ်ဖြစ် အတူတူရပ်တည်ကာ ဆက်လုပ်သွားရပါမယ်" လို့ ပြောပါတယ်။


ကိုဗာဆစ်နှင့်အတူ ပင်နယ်တီအဆုံးအဖြတ်တွင် လွဲချော်ခဲ့တဲ့ မန်စီးတီးကစားသမားနှစ်ဦးအနက်မှ တစ်ဦးဖြစ်တဲ့ ဆေးလ်ဗားရဲ့ကန်ချက်ကို ရီးရဲလ်မက်ဒရစ်ဂိုးသမား လူနင်က ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

အယ်လ်ဗာရက်ဇ် သွင်းယူခဲ့တဲ့ ပင်နယ်တီအတွက် လူနင်ဟာ စောစောစီးစီး ပြောင်းရွှေ့သွားတာကို မြင်ခဲ့ရပြီး အလယ်တည့်တည့်ကို ကန်လိုက်ခြင်းဟာ ကောင်းတဲ့အကြံဥာဏ်ဖြစ်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

ဆေးလ်ဗားက "ကျွန်တော်က စောင့်နေတာပါ။ ပထမအကြိမ် ဒါမှမဟုတ် ပထမပင်နယ်တီ နှစ်ခုမှာ ဂိုးသမားရဲ့ တုံ့ပြန်မှုကို မြင်ရဖို့ ဒုတိယ ဒါမှမဟုတ် တတိယ ပင်နယ်တီကို ကန်ချင်တာပါ"


"ပြီးတော့ သူက အစောကြီးပြောင်းသွားပါတယ်။ အဲဒါကြောင့် အလယ်ကိုတည့်တည့်ကန်တာက ကောင်းတယ်လို့ ထင်ကာ ဘာကြောင့်လဲဆိုတော့ ဂိုးသမားတွေရဲ့ ၉၉ ရာခိုင်နှုန်းက ဖိအားတွေပေးနေတဲ့ အခိုက်အတန့်မှာ လှုပ်ရှားလို့ပါပဲ။ ဒါပေမယ့် သူ့အတွက် မျှတတဲ့ ကစားပုံနဲ့ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာ ကောင်းပါတယ်" လို့ ပြောပါတယ်။

ပရိသတ်တွေထံကနေ ဘောလုံးပြန်ယူရန် လိုအပ်ခဲ့ခြင်းကြောင့် ပင်နယ်တီကန်ရန် ကြန့်ကြာမှုက စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့တာမဟုတ်ဘူးလို့ ဆေးလ်ဗားက ပြောကြားလိုက်ပါတယ်။

ဆေးလ်ဗားက "ကျွန်တော့်အတွက် မဟုတ်ဘူး။ အလည်တည့်တည့်ကိုပဲ ကန်မယ်လို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်" လို့ ပြောပါတယ်။


ဝင်ဘလေမှာ စိုးမိုးကစားနိုင်ခဲ့တဲ့ ချဲလ်ဆီးကို ကျော်ဖြတ်ဖို့ ချန်ပီယံတွေရဲ့ သန္နိဋ္ဌာန်ကို မန်စီးတီးက ပြသခဲ့ပါတယ်။

လန်ဒန်သားတွေဟာ အခွင့်အရေးများစွာကို ဖြုန်းတီးခဲ့ကြပြီး အဓိကတရားခံကတော့ တိုက်စစ်မှူး နီကိုလပ်စ်ဂျက်ဆင် ဖြစ်ပါတယ်။ ပါလ်မာရဲ့ ဖရီးကစ်ကန်ချက်တွင် ဂရီးလစ်ချ် လက်ထိခဲ့သော်လည်း ပင်နယ်တီ မပေးခဲ့တာကလည်း ချဲလ်ဆီးအတွက် စိတ်ပျက်ခဲ့ရပါတယ်။

ဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗားက "ရယ်စရာကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ အထူးသဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ဒိုင်လူကြီးတေါအကြောင်း မပြောလိုသော်လည်း VAR က မော်နီတာထံသို့ ကိုးကားချက်ပေးပို့နိုင်မယ်လို့ ယုံကြည်ပါတယ်"


"သူ မော်နီတာဆီသွားပြီး ပင်နယ်တီမပေးဘူး ဆိုရင် ကျွန်တော် သွားကြည့်မှာပါ" လို့ ပြောပါတယ်။

အသက် ၃၉ နှစ်အရွယ်ရှိ သီယာဂိုဆေးလ်ဗားဟာ ရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သူ့ရဲ့အနာဂတ်အစီအစဉ်များကို မကြာမီထုတ်ဖော်မယ်လို့ ပြောကြားထားပါတယ်။

ဘရာဇီးသားက "လာမယ့်ရက်တွေမှာ အားလုံးသိမှာပါ။ ရှုံးနိမ့်ခဲ့ပြီးနောက် အခု ဘာမှ မပြောလိုတော့ဘူး၊ ရလဒ်အတွက် စိတ်မကောင်းဖြစ်မိပေမယ့် မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ သတင်းတွေ ထွက်လာမှာပါ"

"ကျွန်တော့်စိတ်ထဲမှာ ဆုံးဖြတ်ချက်တစ်ခုရှိတယ်၊ ဒါပေမယ့် အားလုံးကို ပြောပြဖို့ အချိန်မတန်သေးပါဘူး" လို့ ပြောပါတယ်။


#မန်စီးတီး #အက်ဖ်အေဖလား