ရှေ့သို့
Image

ဘယ်လင်ဟမ်ရဲ့နောက်ကျဂိုးနဲ့အတူ အယ်ကလက်စီကိုမှာ အနိုင်ရပြီး ဆုဖလားအတွက် အခြေအနေကောင်းသွားတဲ့ ရီးရဲလ်မက်ဒရစ်

9:11 AM, 22 April

ရီးရဲလ်မက်ဒရစ်အသင်းဟာ မနေ့ညက ဘာနေဗြူးမှာ ဘာစီလိုနာကို ၃-၂ဂိုးနဲ့ အနိုင်ယူပြီး အယ်ကလက်စီကိုနိုင်ပွဲရယူသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းက ပွဲအစ၆မိနစ်မှာတင် ဦးဆောင်ဂိုးရခဲ့ပြီး ရာဖင်ဟာရဲ့ ထောင့်ကန်ဘောကနေ ခရစ္စတန်ဆန်က ခေါင်းတိုက်သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။


ရီးရဲလ်မက်ဒရစ်က ချေပဂိုးရဖို့ကြိုးစားခဲ့ပြီး ဗင်နီစီးယက်စ် ချေပဂိုးရဖို့ နီးစပ်ခဲ့ပါတယ်။ တိုနီခရူးစ်ရဲ့ဖရီးကစ်ကနေ ဘရာဇီးသားက ခေါင်းတိုက်သွင်းရာမှာ ဂိုးဘားပေါ်က ကျော်တက်သွားခဲ့တာ ဖြစ်ပါတယ်။

သိပ်မကြာခင်မှာပဲ လူးကပ်စ်ဗက်ဇ်ကွက်ကို ဧရိယာထဲ ဘာစီလိုနာခံစစ်က ကစားပုံကြမ်းခဲ့တာကြောင့် ရီးရဲလ်တို့ ပင်နယ်တီကန်ခွင့်ရခဲ့ပြီး ဗင်နီစီးယက်စ်က တည်တည်ငြိမ်ငြိမ် ကန်သွင်းသွားခဲ့ပါတယ်။


၂၈မိနစ်မှာ ဘာစီလိုနာက ဦးဆောင်ဂိုးရခဲ့ပေမယ့် ယာမယ်လ်ရဲ့ကန်ချက်က ဂိုးစည်းမကျော်ဘူးဆိုပြီး VARက အငြင်းပွားဖွယ် သတ်မှတ်သွားခဲ့ပါတယ်။ 

ဒုတိယပိုင်းမှာ ပွဲကအနည်းငယ်အေးသွားခဲ့ပြီး ဗယ်ဗာဒီရဲ့ဖျက်ထုတ်မှုကြောင့် ဘာစီလိုနာကွင်းလယ်လူ ဒီဂျောင် ဒဏ်ရာရကာ ကွင်းထဲကနေ ထမ်းစင်နဲ့ ထွက်သွားခဲ့ရပါတယ်။


၆၉မိနစ်မှာ ဘာစီလိုနာက ဦးဆောင်ဂိုးပြန်ရခဲ့ပြီး လူနင်ရဲ့ကာကွယ်မှုကနေ လျှံထွက်လာတဲ့ ဘောလုံးကို ဖာမင်လိုပက်ဇ်က ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာရဲ့ဦးဆောင်ဂိုးက သိပ်မကြာလိုက်ဘဲ ဗင်နီစီးယက်စ်ရဲ့ ဖြတ်တင်ဘောကနေ ဗက်ဇ်ကွက်က မြေမကျပိတ်သွင်းပြီး ရီးရဲလ်အတွက် ချေပဂိုးရယူပေးသွားခဲ့ပါတယ်။


ဘာစီလိုနာက နိုင်ပွဲမဖြစ်မနေရဖို့ လိုအပ်ခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ဘယ်လင်ဟမ်က တန်ပြန်တိုက်စစ်ကနေ ကန်သွင်းယူပြီး ရီးရဲလ်အတွက် အဖိုးတန်အနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။

ယခုနိုင်ပွဲကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ ဇယားထိပ်မှာ ၁၁မှတ်ဖြတ်ဦးဆောင်ထားနိုင်ခဲ့ပြီး ၃၆ကြိမ်မြောက် လိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ နီးစပ်နေခဲ့ပြီ ဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ရီးရဲလ်မက်ဒရစ်