ရှေ့သို့
Image

မန်စီးတီးရဲ့ ပွဲအချိန်ဇယားနဲ့ပတ်သက်ပြီး ဒေါသအိုးပေါက်ကွဲနေတဲ့ ဂွါဒီယိုလာ

12:48 PM, 21 April

မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာဟာ ယမန်နေ့ညက အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ချဲလ်ဆီးကို ၁-၀ နဲ့အနိုင်ရရှိခဲ့ပြီးနောက် အသင်းရဲ့ ပွဲအချိန်ဇယားဟာ လက်မခံနိုင်စရာဖြစ်တယ်လို့ ဒေါသတကြီး ပြောဆိုလာခဲ့ပါတယ်။ 

ဂွါဒီယိုလာရဲ့အသင်းဟာ ကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားရဲ့ တစ်လုံးတည်းသောအနိုင်ဂိုးနဲ့အတူ ချဲလ်ဆီးကို အနိုင်ယူခဲ့ပြီး တနင်္ဂနွေနေ့မှာယှဉ်ပြိုင်မယ့် ယူနိုက်တက်နဲ့ ကိုဗင်ထရီတို့ပွဲစဉ်မှ အနိုင်ရရှိတဲ့အသင်းနဲ့ ဗိုလ်လုပွဲယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ အခုလို ဆုဖလားနဲ့ ခြေတစ်လှမ်းအကွာကို အရောက်လှမ်းနိုင်ခဲ့ပြီဖြစ်သော်လည်း ဂွါဒီယိုလာကတော့ ကျေနပ်နိုင်ခြင်းမရှိဘဲ အသင်းရဲ့ ပွဲဆက်တွေ များပြားနေမှုကို ဒေါသထွက်နေတာဖြစ်ပါတယ်။ 

မန်စီးတီးဟာ ကြားရက်ထဲမှာ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်ကို ကစားခဲ့ရပြီး ယခုအခါမှာလည်း ချဲလ်ဆီးနဲ့ ဆက်တိုက်ဆိုသလို ကစားခဲ့ရတာဖြစ်ပါတယ်။ ဂွါဒီယိုလာအနေနဲ့ သူ့ရဲ့ကစားသမားတွေဟာ ရီးရဲလ်မက်ဒရစ်နဲ့ပွဲစဉ်ကို မိနစ် ၁၂၀ အထိကစားခဲ့ရတာကြောင့် ယခု ချဲလ်ဆီးနဲ့ ကစားခဲ့တဲ့ ပွဲစဉ်ကို တနင်္ဂနွေနေ့မှာ ကစားသင့်တယ်လို့ ယူဆနေတာဖြစ်ပါတယ်။ 

ပွဲအပြီးမှာ ဂွါဒီယိုလာက “ဒါက လက်မခံနိုင်စရာပါ။ လုံးဝ လက်မခံနိုင်စရာပါ။ ချဲလ်ဆီးက ကြားရက်ထဲမှာ ဘာပွဲမှမရှိခဲ့ဘဲ ကျွန်တော်တို့နဲ့ ဒီနေ့မှာ ကစားခဲ့ရပါတယ်။ ပြီးတော့ ကိုဗင်ထရီနဲ့ ယူနိုက်တက်တို့ကလည်း ကြားရက်ထဲမှာ ကစားရမယ့်ပွဲတွေမရှိလို့ အက်ဖ်အေဖလားပွဲစဉ်တွေကို နောက်အပတ် သောကြာနေ့လောက်အထိ ရွှေ့လိုက်ရင် ပိုကောင်းမှာပါ။ အခုလို ဆက်တိုက်ကစားနေရတာက ကစားသမားတွေရဲ့ ကျန်းမာရေးအတွက် ထိခိုက်မှုူဖြစ်နိုင်ပါတယ်။ ဒါက သာမန်တော့မဟုတ်ပါဘူး။ အားလုံးက လူသားတွေပါ။ ကျွန်တော်တို့ ရီးရဲလ်မက်ဒရစ်လိုအသင်းမျိုးကို မိနစ် ၁၂၀ အထိ ကစားခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိနေတဲ့အချိန်မှာ ချဲလ်ဆီးနဲ့ကစားခဲ့ရပါတယ်။ ဒါက လက်မခံနိုင်စရာပါ။ ကျွန်တော်က ကစားသမားတွေရဲ့ ကျန်းမာရေးအတွက်ပြောနေတာပါ။ ဒါပေမယ့် သူတို့ဒီနေ့ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့သေးတာကတော့ မယုံနိုင်စရာပါပဲ” လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်ကြာသပတေးနေ့မှာ မန်စီးတီးဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရိုက်တန်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး တနင်္ဂနွေနေ့မှာတော့ နော်တင်ဟမ်ဖော်ရက်စ်နဲ့ ယှဉ်ပြိုင်သွားရဦးမှာဖြစ်ပါတယ်။ 


#မန်စီးတီး #ရီးရဲလ်မက်ဒရစ် #ဂွါဒီယိုလာ