ရှေ့သို့
Image

အင်တာမီယာမီအတွက် ၂ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးပြီး ကမ္ဘာ့အကောင်းဆုံးခြေစွမ်းကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်တဲ့ မက်ဆီ

12:46 PM, 21 April

အင်တာမီယာမီစူပါစတား လီယွန်နယ်မက်ဆီဟာ ယနေ့နံနက်က နာရှ်ဗီလီကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ မေဂျာလိဂ်ပွဲစဉ်မှာ ၂ ဂိုးသွင်းပြီး အသင်းဖော် ဆာဂျီယိုဘက်စ်ကွက်အတွက် ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်နိုင်ခဲ့တာကြောင့် အသင်းကို နိုင်ပွဲဖော်ဆောင်ပေးနိုင်ခဲ့တဲ့အပြင် ကမ္ဘာ့အကောင်းဆုံးခြေစွမ်းကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ 

မတ်လ ၂ ရက်နေ့က အော်လန်ဒိုနဲ့ပွဲမှာ ၂ ဂိုးသွင်းနိုင်ခဲ့တဲ့မက်ဆီဟာ ဒီနေ့ပွဲမှာလည်း ၂ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဒီရာသီမှာ ပါဝင်ကစားထားတဲ့ မေဂျာလိဂ်ပွဲစဉ် ၆ ပွဲမှာ စုစုပေါင်း ၄ ဂိုးအထိသွင်းယူပေးထားနိုင်တာဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နွေရာသီမှာ မက်ဆီနဲ့ ပူးပေါင်းဖို့အတွက် အင်တာမီယာမီကိုစတင်ရောက်ရှိလာခဲ့တဲ့ ဘက်စ်ကွက်ကလည်း အသင်းအတွက် ပထမဆုံးသွင်းဂိုးကို ဒီနေ့ပွဲမှာ သွင်းယူနိုင်ခဲ့ပါတယ်။ 

အင်တာမီယာမီဟာ မက်ဆီစတင်ရောက်ရှိလာပြီးကတည်းက နာရှ်ဗီလီကို မရှုံးအောင်ကစားထားနိုင်ခဲ့ပြီး ဒီနိုင်ပွဲကြောင့် အရှေ့ပိုင်းကွန်းဖရန့်ဇုန်မှာ အဆင့် ၁ နေရာသို့တက်လှမ်းနိုင်ခဲ့ပါတယ်။ သို့သော်လည်း တာတာမာတီနိုရဲ့အသင်းဟာ ဦးဆောင်ဂိုးကို စောစောစီးစီးခွင့်ပြုခဲ့ရပြီးမှ ချေပဂိုးတွေနဲ့ အနိုင်ဂိုးတွေပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။ 

ပွဲအစ ၂ မိနစ်မှာတော့ အင်တာမီယာမီနောက်ခံလူ နက်ဂ်ရီက ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တာဖြစ်ပြီး ၁၁ မိနစ်မှာ မက်ဆီက ချေပဂိုးပြန်လည်သွင်းခဲ့ကာ ၃၉ မိနစ်မှာ‌တော့ ဘက်စ်ကွက်က ဦးဆောင်ဂိုးပြန်လည်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ထို့နောက် ဒုတိယပိုင်းမှာတော့ မက်ဆီကပဲ ပင်နယ်တီနေတစ်ဆင့် အနိုင်သေချာစေမယ့်ဂိုးကို သွင်းယူခဲ့တာကြောင့် အင်တာမီယာမီတို့ အနိုင် ၃ မှတ်ကို ပြတ်ပြတ်သားသားပုံဖော်နိုင်ခဲ့ပါတယ်။

လာမယ့်စနေနေ့မှာတော့ အင်တာမီယာမီဟာ နယူးအင်္ဂလန်အသင်းကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာြဖစ်ပြီး နာရှ်ဗီလီကတော့ ဆန်းဂျို့စ်ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ 



#မက်ဆီ #အင်တာမီယာမီ